Wednesday, October 8, 2008

ဟာသ(၁)

နားထိုင်းတို့ရွာ
ချူချာနှစ်ယောက် အမဲလိုက်ရင်း တောကျွံလမ်းပျောက်ကာ မျက်စိလည်နေကြသည်။ ရှေ့နားဆို ဟုတ်နိုး ဟိုစမ်း ဒီစမ်းသွားရင်း ခြေကုန်လက်ပန်း ကျလာသည်။ သစ်ပင်ကြီး တစ်ပင်အောက် ခြေပစ်လက်ပစ် ထိုင်ချရင်း ပထမ ချူချာက စပြောသည်။


“ ဒီအတိုင်းဆို မလွယ်ဘူးဟေ့ကောင်။ ဗိုက်လဲ ဆာလှပြီ။ ဘယ်လိုလုပ်ကြမလဲ။ “
ဒုတိယ ချူချာက သစ်ပင်ထိပ်ကို မော့ကြည့်ရင်း ပြောသည်။
“ ဟို.... ရပ်ရှင်ဘူမိဗေဒကောင်တွေ လူချင်းကွဲပြီး လမ်းပျောက်ရင် ဒီလို အပင်ကြီးတွေ ထိပ်တက်ပြီး လမ်းရှာကြတယ်ကွ “
“ ငါမှ သစ်ပင်မတက်တတ်တာ။ မင်းကော… “
“ ဟင့်အင်း….”
နာရီဝက်လောက်ကြာတော့ ဒုတိယ ချူချာက ၀မ်းသာအားရ ထခုန်သည်။
“ ဘာတုံး ဟေ့ကောင် “
“ ငါ့နှယ့်ကွာ- မေ့တတ်လိုက်တာ၊ သစ်ပင် မတက်တတ်လဲ အကြောင်း မဟုတ်ဘူး။ ဟိုရပ်ရှင်ကောင်တွေ လုပ်သလိုလုပ်မယ်။ “
“ ဘယ်လိုလဲ “
“ သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်ကွာ၊ စခန်းကကောင်တွေ ကြားရင် လိုက်လာကြရော “
“ တို့မှာ သေနတ်မှ မရှိတာ “
“ အိုး…. မရှိဘာအရေးလဲ “
ဒုတိယ ချူချာက ပြောပြောဆိုဆိုဖြင့် မြားအိမ်ထဲက မြားတစ်ချောင်း ဆွဲထုတ်ပြီး မိုးပေါ် ထောင်ပစ်သည်။
ပထမ ချူချာကလည်း ဒုတိယ ချူချာလုပ်သလို လိုက်လုပ်သည်။
ခဏကြာတော့ နှစ်ယောက်စလုံး မြားကုန်သွားသည်။
“ ရွာကကောင်တွေ တော်တော် နားလေးမှန်း ခုမှသိတယ်။ ဒီလောက်ပစ်နေတာတောင် တစ်ကောင်မှ မကြားဘူး။ ဟို- ရပ်ရှင်ကောင်တွေများကျ ဒိုင်းဆို တစ်ချက်ပဲ “

No comments: