Thursday, October 1, 2009

ဟာသ (၂၃)

အထင်မှားလိမ့်မယ်

တနင်္ဂနွေတစ်မနက်တွင် မိန်းမဖြစ်သူ အိပ်ရာမှ နိုးလာပြီး ယောကျာ်းကို ပြောသည်။
"မနက်အစောကြီးတောင် အိုက်လိုက်တာ လွန်ရော။ ကိုယ်ပေါ်အဝတ်အစား
ထပ်ဝတ်ရဦးမယ်ဆိုရင် ကျွန်မ သေလိမ့် ထင်တယ်။ အဝတ်အစား မကပ်ဘဲ ကျွန်မ
ခြံထဲဆင်းပြီး အလုပ် လုပ်မယ် ဆိုရင် အိမ်နီးချင်းတွေ ဘယ်လိုထင်မယ် ထင်သလဲဟင်"
"ပိုက်ဆံမက်ပြီး မင်းကို ငါယူတယ်လို့ ထင်မှားပေါ့ကွ"



ဝမ်းမသာနိုင်ပေါင်

ယောကျာ်းဖြစ်သူ အိမ်သို့ ပြန်လာသည်။ မျက်နှာမှာ အလွန်ညိုးငယ်နေသည်။
အဝတ်အစားချွတ်ပြီး မီးဖိုချောင်ဘက် သွားသည်။ အစာကို အရသာမရှိစွာ စားသည်။
စားနေရင်းလည်း အဓိပ္ပါယ်ကင်းမဲ့စွာ နံရံကို စူးစိုက်ကြည့်သည်။
ယောကျာ်းဖြစ်သူ အိပ်ရာဝင်လာသည်အထိ မစောင့်တော့ဘဲ ဝမ်းသာစရာ သတင်းကို
ပြောပြရန် မိန်းမဖြစ်သူ ဆုံးဖြတ်လိုက်သည်။ သို့နှင့် မီးဖိုချောင်ထဲ ပေါ့ပါးစွာ
ပြေးထွက်လာပြီး ပြောသည်။
"မောင်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီရှင့်"
ယောကျာ်းက စိတ်မသက်မသာဖြင့် ပြန်ပြောသည်။
"ဪ၊ မင်းရောပဲကိုး"



မပြောတက်ရင်ဆဲသလိုပဲ

စာကားပြောလျှင် မဆင်မခြင် ပြောတက်သော အန်တီမြ မင်္ဂလာ ဧည့်ခံပွဲတစ်ခုသို့
ရောက်လာသည်။ ဧည့်ခံခန်းမကြီး တစ်ခုလုံး ပရိတ်သတ်များဖြင့် ပြည့်ကျပ်နေသည်။
မိမိဘေးက ခုံတွင် ထိုင်နေသော လူကြီးကို အန်တီမြက မေးသည်။
"ဟို လှေကားအနားက စားပွဲမှာ ထိုင်နေတဲ့ အရုပ်ဆိုးဆိုး လူကြီးဟာ ဘယ်သူလဲဟင်"
"ကျွန်တော့် အစ်ကိုပါ"
အားနာဟန်ဖြင့် အန်တီမြ ရုတ်တရက် အမ်းတမ်းတမ်း ဖြစ်သွားသည်။ ထို့နောက်
တောင်းပန်စကား ပြောသည်။
"တောင်းပန်ပါတယ်ရှင်။ ကျွန်မကိုယ်က ညံ့ပါတယ်။ ရှင်တို့ နှစ်ယောက် ရုပ်ချင်း အင်မတန် ဆင်ပါတယ် ဆိုတာ ကျွန်မ သတိထားမိဖို့ ကောင်းပါတယ်။ အဟင်း ဟင်း"



အကြောင်းရင်း

အဝေးပြေးရထားပေါ်တွင်ဖြစ်သည်။
အပေါ်အိပ်စင်တွင် အိပ်လျက် ကိုချူချာ လိုက်ပါလာသည်။ ဘူတာသို့ အဝင်တွင်
စက်မောင်းသမားက ရထားကို တအားဘရိတ်အုပ်လိုက်သည်။ ကိုချူချာ အိပ်စင်ပေါ်က
ဝုန်းကနဲလိမ့်ကျသည်။ နဖူးပေါ်က 'ဘု' ကို လက်နှင့်စမ်းရင်း ကိုချူချာ ပြောသည်။
"ကျတာ တော်တော်ပြင်းတာပဲ။ ရထားတောင် ရပ်သွားတယ် ဟင်း"



ကိုချူချာရဲ့ ဒုက္ခ

မြို့နယ်ကောင်စီရုံးသို့ ကိုချူချာ ရောက်လာပြီး အသင့်ရေးလာသော လျှောက်လွှာကို
ကောင်စီဥက္ကဋ္ဌလက်သို့ အပ်သည်။ ထိုနောက် မိမိရင်ဆိုင်နေရသော ပြဿနာကို
တင်ပြသည်။
"ဥက္ကဋ္ဌကြီး။ ကျွန်တော် ဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော့်ရဲ့
ပြတင်းပေါက်ပေါက်တည့်တည့်မှာ အမျိုးသမီးရေချိုးခန်း (ရုရှားလို 'ဘန်းညာ') ရှိနေတယ်။
ကျွန်တော် အကုန်လုံးမြင်နေရတယ်။ ကြာရင် ကျွန်တော် ရူးလိမ့်မယ်။ ကျွန်တော့်ရဲ့
ကိုယ်ကျင့်သီလ ကမောက်ကမ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကို အိမ်ခန်းပြောင်းပေးပါ"
ကော်မရှင်အဖွဲ့ ကိုချူချာ၏ အိမ်ခန်းသို့ ရောက်လာပြီး စစ်ဆေးသည်။ ကော်မရှင်အဖွဲ့
ခေါင်းဆောင်က ပြောသည်။
"ဘယ်မှာလဲ၊ ဘာမှလဲ မမြင်ရပါလား"
"ဗီရိုပေါ်ကို တက်ကြည့်ပါ"
ကော်မရှင်လူကြီး ဗီရိုပေါ်တက်သည်။
"ဒီအပေါ်က ကြည့်လည်း မမြင်ရပါလား"
"ဘယ်ဘက်နည်းနည်း တိုးပြီး ကြည့်ပါ"
"ကိုင်း။ တိုးတယ်ဗျာ။ ဘယ်မှာ မြင်ရလို့လဲ"
"ဘယ်ဘက်ကို နည်းနည်း ထပ်တိုးလိုက်ပါအုံး"
ပြောသည့်အတိုင်း ထပ်တိုးလိုက်ရာ 'ဝုန်း' ဆိုသော အသံနှင့်အတူ ကော်မရှင်လူကြီး
ကြမ်းပေါ် ခွေလျက် ကျသည်။ ကိုချူချာက ပြောသည်။
"ကိုင်း တွေ့တယ် မဟုတ်လား။ ကျွန်တော်ဆို တစ်နေ့ တစ်နေ့ ဗီရိုပေါ်က ကျတာ အကြိမ်ပေါင်း မရေတွက်နိုင်ဘူး"




ယောက္ခမနှင့် တွေ့ဆုံခြင်း

ကိုချူချာ တိရစ္ဆာန်ရုံသို့ ရောက်လာသည်။
ဆင်လှောင်ရုံအနား ကပ်သွားပြီး ပြောသည်။
"အားပါး များလိုက်တဲ့အသား။ တစ်ရွာလုံး ကျွေးတောင်ကုန်မှာ မဟုတ်ဘူး"
စပါးကြီြးွေမထားရာ လှောင့်ချိုင့်အနား ကပ်သွားသည်။
"အင်း ဒီတီကောင်နဲ့သာ မျှားလိုက်ရင် ဝေလငါးတောင် မိနိုင်သေးရဲ့"
မျောက်မကြီး ရှိရာဘက် ရောက်သောအခါ ကိုချူချာ အံ့ဩတကြီး ပြောသည်။
"အမေ ( ယောက္ခမကြီး ) ။ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲဗျ ဟင်"




အမေ့သား

ကိုချူချာ ဓာတ်ပုံဆရာကိုပြောသည်။
"ဟိုမှာ အင်မတန်လှတဲ့ သစ်ပင်ကို တွေ့တယ် မဟုတ်လား။ အဲကျွန်တော့်ကို အဲဒီသစ်ပင်နဲ့
အတူ ဓာတ်ပုံ တစ်ပုံ ရိုက်ပေးစမ်းပါ"
"သစ်ပင်ဘေးမှာ ရပ်ပြီး ရိုက်ပေးရမလား"
"ကျွန်တော် သစ်ပင်နောက်မှာ ပုန်းနေမယ်။ ရိုက်သာရိုက်လိုက်။ အဲဒီ ဓာတ်ပုံကို အမေ့ဆီ
ပို့မယ်။ ဓာတ်ပုံကို ကြည့်ပြီး 'ဟဲ့။ ငါ့သား ဘယ်မှာပါလိမ့်' လို့ သူ မေးလိမ့်မယ်။
အဲဒီအခါမှာ ကျွန်တော် သစ်ပင်နောက်က ထွက်လာပြီး 'ဂွတ်မောနင်း မေမေ' လို့
နှုတ်ဆက်မယ်။ ဟဲဟဲ"




မပြောမိရင်ကောင်းမယ်

ချူကော့ကာပြည်နယ်သို့ ရောက်ရှိနေသော ဘူမိဗေဒ လေ့လာရေးအဖွဲမှ ရုရှးတစ်ယောက်
ကိုချူချာဆီ ခဏခဏ အလည်လာသည်။ လာတိုင်းလည်း ဗေါ့ဒ်ကာ အရက်ပုလင်းကို
ယူလာသည်။ အရက်ကို ကိုချူချာ မကြိုက်သဖြင့် တစ်နေ့ ၄င်း၏မိန်းမကို ပြောသည်။
"ဟေ့။ ဒီနေ့ အီဗန်ကြီးလာရင် ငါအပြင်ထွက်သွားတယ်လို့ပြောလိုက်။ သူတိုက်တဲ့ အရက်ကို
ငါမသောက်ချင်တော့ဘူး။ တကယ်တော့ ငါဘယ်ကိုမှ မသွားဘူး။ ကန့်လန့်ကာနောက်မှာ
ပုန်းနေမယ်။"
အီဗန် ရောက်လာသည်။ ကိုချူချာ မရှိဟု ဆိုသဖြင့် အရက်ပုလင်းကို ထုတ်ကာ ကိုချူချာ၏
ဇနီးကို တိုက်သည်။ ရေချိန်နည်းနည်း ကိုက်လာသောအခါ ကိုချူချာ၏ ဇနီးကို ရုရှားအီဗန်
ဖက်ရမ်းနမ်းရှုပ်သည်။ ကန့်လန့်ကာ နောက်ကွယ်မှ အားလုံးကိုမြင်နေရသော ကိုချူချာ
မိမိဟာ မိမိ ကြိတ်မနိုင်ခဲမရ ပြောသည်။
"ဒီကောင့် မျက်ခွက်ကို လက်သီးနဲ့ ပိတ်ထိုးဖို့ အချိန်တန်ပြီ။ ဒါပေမယ့် ငါ အိမ်မှာ မရှိဘူးလို့ ပြောမိရက်သား ဖြစ်နေတယ်။ တောက်"




မသဘာဝ

ထောင်ကျအမျိုးသမီးနှစ်ယောက်သည် ထောင်ထဲတွင် ၁၀-နှစ် တိတိ တစ်ခန်းတည်း အတူတူ
နေခဲ့ကြသည်။ သူတို့နှစ်ဦး တစ်ရက်တည်း အတူ လွတ်ကြသည်။
ထောင်အဝင်ဝတွင် ၄င်းတို့နှစ်ဦး နောက်ထပ် ၂-နာရီကြာ ဆက်ပြီး
စကားပြောနေကြသေးသည်။




ကြိုတင်ပြင်ဆင်မှု

တရားသူကြီးက သက်သေကို မေးသည်။
"အခင်းဖြစ်ပွားတဲ့ နေရာနဲ့ ခင်ဗျား ဘယ်လောက် အကွာမှာ ရပ်နေသလဲ"
"၃-မီတာနဲ့ ၇၈-စင်တီမီတာတိတိ အကွာမှာ"
"တိကျ သေချာလှချည်လား"
"ကပ်သီးကပ်ဖဲ့ မေးတက်တဲ့ ငနဲ ပေါ်လာရင် ဖြေနိုင်အောင်ဆိုပြီး တမင်ကို သေချာသေချာ တိုင်းခဲ့တာခင်ဗျ"

No comments: