Thursday, July 29, 2010

ဟာသ(၅၀)

ကိုယ်ချင်းစာ စမ်းပါ

သန်းကြွယ်သူဋ္ဌေး နှစ်ယောက် မြေအောက်ရထားကို စီးလာကြသည်။ ခရီးသည်များ
ပြွတ်သိပ်ကြပ်နေသည်ကို အခွင့်ကောင်းယူကာ ခါးပိုက်နှိုက်သမားက
သန်းကြွယ်သူဋ္ဌေး တစ်ဦး၏ အိတ်ထဲမှ ပိုးပဝါကို တဖြည်းဖြည်း ဆွဲယူလာသည်။
ဤသည်ကို မြင်သော အခြားသူဋ္ဌေးက မိမိ၏ မိတ်ဆွေကို တိုးတိုးလေး
သတိပေးသည်။
"ဟေ့လူ၊ ခင်ဗျား အိတ်ထောင်ထဲက ပဝါကို ဟိုကောင် နှိုက်နေပြီ"
"ဒီကောင့်ကို မနှောင်ယှက်စမ်းပါနဲ့ဗျာ၊ ကျုပ်တို့လဲ ဒီလိုပဲ တန်ဖိုးနည်းတဲ့
ပစ္စည်းတွေနဲ့ စခဲ့ရတာပဲ ဥစ္စာ"



ကြက်သူခိုး

တောမြို့ကလေး တစ်မြို့တွင် ဖြစ်သည်။ အခြေအနေမဲ့ လူငယ်တစ်ယောက်သည်
အိမ်တစ်အိမ်မှ မွေးထားသော ကြက်တစ်ကောင်ကို ခိုးကာ လူပြတ်သော နေရာတွင်
အမွေးများကို နှုတ်သည်။ ¤င်းကို ဖြတ်လျှောက်လာသော ရဲသားက မြင်သွားသည်။
ကြက်သူခိုးသည် ရုတ်တရက် လန့်ဖြန့်ပြီး ကြက်ကို အနားရှိ ရေအိုင်ထဲသို့
လွှင့်ပစ်လိုက်သည်။
"ဟေ့ နေရာက မရွှေ့နဲ့၊ မင်းအခုပဲ ကြက်ကို ခိုးတယ်ဆိုတာ ငါမြင်တယ်"
"ကျွန်တော် ဘယ်တော့ မှ သူများပစ္စည်းကို မခိုးဝံပါဘူးဗျာ"
"ဒါဖြင့်ရင် ဒီကြက်မွေးတွေက ဘာလုပ်တာလဲ"
"ကြက်မက သူရေဆင်းချိုးနေတုံး သူ့အဝတ်အစားတွေကို ခဏ
ကြည့်ခိုင်းထားတာပါ"





သားရဲ့ လက်ချက်ပဲ ဖြစ်ရမယ်

"မေရီရေ၊ မောင့် အိတ်ထောင်ထဲက ပိုက်ဆံကို သားငယ်လေး
ယူသွားပြီးထင်တယ်"
"ရှင်ကလဲ ဘာဖြစ်လို့ ကလေးကို စွပ်စွဲရတာလဲ၊ စွပ်စွဲမဲ့ စွပ်စွဲရင် ကျွန်မကို
စွပ်စွဲရောပေါ့တော်"
"အခုကိစ္စက မင်းမဖြစ်နိုင်ဘူးကွ၊ ပိုက်ဆံက တစ်ဝက်ကျော်ကျော်
ကျန်နေသေးတယ်"



ခြားနားချက်

ဂီတပညာသင်ကျောင်းတွင် ဖြစ်သည်။ သင်တန်းတက်ရန်
လျှောက်လွှာလာတင်သော မီးသတ်သမားကို သင်တန်းဆရာက မေးသည်။
"တရောနဲ့ စန္ဒာရား ဘာ ကွာခြားသလဲ"
အနည်းငယ်စဉ်းစားပြီး မီးသတ်သမားက ဤသို့ ဖြေသည်။
"စန္ဒာရားဟာ တရောထက် ပိုပြီး ကြာကြာလောင်ပါတယ်"



တူနဲ့ မထုလဲ မအိပ်ပါဘူး

“တစ်ဖက်ခန်းက အိမ်နီးချင်းဟာ အလိုက်ကန်းဆိုး မသိဘူး၊ တစ်ညလုံး နံရံကို
တူနဲ့ ထူနေတယ်”
"ခင်ဗျား၊ တစ်ညလုံး အိပ်လို့ မရဘူးပေါ့၊ ကိုယ်ချင်းစားပါတယ်ခင်ဗျာ"
"အမှန်အတိုင်းပြောရရင် သူတို့ တူနဲ့ မထုလဲ ကျုပ်မအိပ်ဖြစ်ပါဘူး၊ တစ်ညလုံး
ကျုပ် ထရမ်းပက် အမှုတ် လေ့ကျင့်နေတယ်လေ"



လူမှာအဝတ်

မင်္ဂလာဧည့်ခံပွဲ သွားရန် မိသားစု တိုင်ပင်နေကြသည်။ အဝတ်အစား
ဘာဝတ်ရမည်နည်း ဆိုသည်ကို အတော်ကြာ ငြင်းခုံဆွေးနွေးကြပြီးနောက်
ဆံပင်အရောင်နှင့် လိုက်ဖက်သော အဝတ်ကို ဝတ်ရန် သဘောတူလိုက်ကြသည်။
"ကျွန်မ အမဲရောင် ဝတ်မယ်"
သမီးက ပြောသည်။
"ကျွန်တော်ကတော့ အညိုရောင် ဝတ်မယ်"
သားက ပြောသည်။
"ကျုပ်ကတော့ မီးခိုရောင် ဝတ်မယ်ရှင့်"
အမေလုပ်သူက ပြောသည်။
"ဟေ့၊ မင်းတို့ အခုပြောတဲ့ အတိုင်းဆိုရင် ငါ ကိုယ်လုံးတီး သွားရမလို
ဖြစ်နေပြီဟေ့"
ဟု အဖေဖြစ်သူ 'ဦးထိပ်ပြောင်' က မကျေမချမ်း လှမ်းအော်လိုက်သည်။



တာဝေးချန်ပီယံ

နွားမတစ်ကောင်ကို ဆွဲလာသော အဖွားကြီးက တက္ကစီကားကို တားသည်။
"အဖွား ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာကိုပါ သားရယ်"
"နွားကို ဘယ်လိုလုပ်မလဲ"
"ကားရဲ့နောက်က ဘန်ပါမှာ သူ့ကို ကြိုးနဲ့ ချည်လိုက်မယ်လေ၊ ကားထွက်ရင်
သူနောက်က လိုက်လာပါလိမ့်မယ်"
ကားက စထွက်သည်။ ကီလိုမီတာ ၄ဝ- အထိ ရောက်လာသည်။ နွားမသည်
ကားနှင့် ကပ်လျက်လိုက်လာသည်။ ကီလို ၆ဝ-၊ နွားမ နောက် မကျန်ရစ်။ ကီလို
၈ဝ- ထပ်ချပ်မကွာ လိုက်ဆဲ။ တက္ကစီသမားသည် ဘေးမှန်မှ တစ်ဆင့်၊ နောက်ကို
လှမ်းကြည့်လိုက်သည်။
"အဖွား၊ နွားမရဲ့ ဘယ်ဘက်မျက်လုံးက ဖွင့်လိုက် ပိတ်လိုက် လုပ်နေပါလား"
"သားရဲ့ကားကို သူကျော်တက်မလို့ အချက်ပြတာကွဲ့"



လေးယောက်မှာတစ်ယောက်

အရက်သမားသုံးဦး အရက်သောက်နေကြသည်။ တစ်ယောက်က ပြောသည်။
"တော်ပြီကွာ၊ ငါမသောက်တော့ဘူး၊ အရက်လေးယောက်မှာ တစ်ယောက်
သေလေ့ရှိတယ်လို့ မနေ့က သတင်းစာထဲမှာ ငါဖတ်လိုက်ရတယ်"
"မင်းကလဲ အစိုးရိမ်လွန်ရန်ကော၊ တို့က သုံးယောက်ထဲပဲ ဥစ္စာ"



တော်သေးတာပေါ့

ဘားအတွင်းသို့ လူတစ်ယောက် ဝင်လာကာ ဆိုင်ပိုင်ရှင်ကို မေးသည်။
"ကျွန်တော် မနေ့က ဒီကို ရောက်ခဲ့လား"
"ရောက်ခဲ့တယ်"
"ရတဲ့ လစာတစ်ခုလုံး အရက်သောက်ပစ်ခဲ့သလား"
"သောက်ပစ်ခဲ့တယ်"
"တော်သေးတာပေါ့၊ ကျုပ်က ပိုက်ဆံတွေ လမ်းမှာ ကျပျောက်သွားတယ်ထင်လို့"



ပျောက်သွားတဲ့ စာ

အရွယ်ရောက်ပြီဖြစ်သော သားထံ တောမြို့ကလေးတစ်မြို့မှ အဖေလုပ်သူက
စာရေးသည်။
"သား.. ပိုက်ဆံ ငါးထောင် ပို့ ပေးဖို့ သားရေးတဲ့ စာကို အဖေတို့ မရဘူးကွယ်"



စီးချင်လို့မဟုတ်ပါ

"ဟေ့ ဂျော်နီ၊ မင်းမျက်နှာကို ကြည့်ရတာ ဖြူဖတ်ဖြူရော်ကြီး ဖြစ်နေပါလား"
"တစ်နေကုန် ချားရဟတ် စီးခဲ့လို့ပါကွာ"
"ဘာစိတ်ကူးပေါက်လို့ တစ်နေကုန် စီးရတာလဲကွ"
"လက်မှတ် ရောင်းသူကို ငွေ တစ်သောင်းတန် ပေးလိုက်တာ သူ့ဆီမှာ
ပြန်အမ်းစရာမရှိလို့"



ခေတ်လူငယ်တွေ ခက်ကိုခက်တယ်

"ဒေါ်ပု၊ ရှင့်သားက ကျွန်မကို ဝက်မကြီးလို့ ခေါ်တယ်ရှင့်"
"ခုခေတ်လူငယ်တွေ အင်မတန်ကို ပြောရဆိုရခက်တယ်တာပါကလား။
လူတစ်ယောက်ကို အပြင်ဘန်းအမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်နဲ့လို့
အကြိမ်ကြိမ်ပြောလဲ မရဘူး"



ကြွက်သတ်ဆေး

စိတ်လှုပ်ရှားနေသော အမျိုးသားတစ်ယောက် ဆေးဆိုင်သို့ အပြေးအလွှား
ဝင်လာသည်။
"ကျွန်တော့ မိန်းမကို ကြွက်သတ်ဆေးစားပြီး၊ ကိုယ့်ကိုယ်ကို လုပ်ကြံချင်သတဲ့"
"ဝမ်းနည်းပါတယ်၊ ကြွက်သေးဆေးကို တုံ့ပြန်နိုင်တဲ့ ကာကွယ်ဆေး
ကျွန်တော်တို့ဆီမှာ မရှိပါဘူး"
"ကျုပ်လာတာ၊ ကာကွယ်ဆေးအတွက် မဟုတ်ဘူး၊ ကြွက်သတ်ဆေးသာ
မြန်မြန်ရောင်းစမ်းပါ"



မဝယ်မိပါဘူး

ခွင့်မှ ပြန်လာသော မိန်းမက အိမ်တံခါး ဖွင့်ဖွင့်ချင်း ယောက်ျားကို
လှမ်းအော်သည်။
"အိမ်ခန်းတစ်ခုလုံးကို ပုလင်းလွတ်တွေနဲ့ ပြန့်ကျဲ့နေအောင် ရှင်ဘာဖြစ်လို့
လုပ်ရတာလဲ"
ယောက်ျားဖြစ်သူသည် ခေါင်းကုတ်စဉ်းစားရင်း ဖြေသည်။
"မပြောတက်ဘူးကွာ၊ ပုလင်းလွတ် တစ်ပုလင်းမှ ငါမဝယ်ခဲ့မိဘူးလို့ ထင်တာပဲ"



လေယာဉ်မှူး အလိုရှိသည်

ခရီးသည်တင် လေယာဉ် တစ်စီးပေါ်တွင် ဖြစ်သည်။
"ခရီးသည်တွေထဲမှာ ဆရာဝန် ရှိပါသလားရှင်"
ဟူသော လေယာဉ်မယ်၏ ရေဒီယိုမှတဆင့် မေးမြန်းသံကို ခရီးသည်များ
ကြားကြရသည်။ လူရွယ်တစ်ဦးသည် မိမိ၏ထိုင်ခုံမှထကာ ပိုင်းလော့၏
အခန်းထဲသို့ ဝင်သွားသည်။ မကြာမီ ဆရာဝန်လူရွယ်၏ ကြေငြာချက်ကို
ကျန်ခရီးသည်များ အောက်ပါအတိုင်း ကြားကြရသည်။
"ခရီးသည်တွေထဲမှာ လေယာဉ်မောင်း တက်သူရှိပါသလားခင်ဗျာ"

No comments: