Friday, August 13, 2010

ဟာသ(၅၄)

မြင်းလိမ္မာ

ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်မြင်းတပ်တွင် အမှုထမ်းခဲ့သော
စစ်ပြန်အဖိုးကြီးက ပြောပြသည်။
"အမှန်တကယ်တော့ မြင်းတွေ လိမ္မာပုံအကြောင်း ပြောစကားတွေဟာ
လိုတာထက်ပိုပြီး ပုံကြီးချဲ့တဲ့သဘောတွေပါတယ်လို့ ယူဆချင်တယ်။
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြမယ်။ တစ်နေ့ ကျုပ်ဒဏ်ရာရရှိပြီး
မေ့မြောသွားတယ်။ ကျုပ်ရဲ့မြင်းဟာ ကျုပ်မပါပဲနဲ့ ဆေးတပ်ဖွဲ့ရှိရာကို
ထွက်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို ခေါ်လာတယ်"
"ဒါကို ကြည့်ခြင်းအားဖြင့် မြင်းတွေဟာ အင်မတန် လိမ္မာတယ်ဆိုတာ
ပေါ်လွင်တာပေါ့ ဦးကြီးရဲ့"
"ဒီလို အရင်စလို မပြောနဲ့လေ၊ ဒီကောင် ဘယ်သူ့ကို ခေါ်လာတယ် ထင်လို့လဲ၊
တိရစ္ဆာန် ဆရာဝန်ကို ခေါ်လာတာကွ"
ပါတီက ထွက်ချင်ရင်

"ပါတီက ထွက်ချင်ရင် ဘာလုပ်ရမလဲ"
"ပါတီဝင် မဟုတ်သူ နှစ်ဦးရဲ့ ထောက်ခံချက်ကို ယူခဲ့"



ဖြေချင်သေးတယ်

ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဘရက်ဇညက်၏
သတင်းစာရှင်းလင်းပွဲတွင် ဖြစ်သည်။ မေးခွန်းတစ်ခုချင်းကို ဘရက်ဇညက်မှ
ဖြေကြားသည်။ နောက်ဆုံးတွင် အခမ်းအနားမှူးလုပ်သူက
"မေးခွန်းတွေ ရှိပါသေးသလား"
ဟု သတင်းထောက်တို့ကို မေးသည်။ မည်သူမှ မမေးတော့သောအခါ မေးစရာ
မရှိတော့တဲ့အတွက် သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းကြောင်း ကြေညာသည်။
ထိုအခါ ဘရက်ဇညက်က ချက်ချင်း လက်တားပြီး
"ဘာဖြစ်လို့ ရုပ်သိမ်းရမှာလဲ။ ကျုပ်ဆီမှာ အဖြေနှစ်ခု ကျန်သေးတယ် "
ဟု ပြောလိုက်သည်။



ပြစ်မှု

တရားရုံးတွင်ဖြစ်သည်။
တရားခံ - "တရားသူကြီးမင်းခင်ဗျား၊ မနှစ်က တရားသူကြီးရဲ့ဇနီး ရေနစ်တုန်းက
သူ့အသက်ကို ကျွန်တော် ကယ်ခဲ့တယ်ဆိုတာကို ဖော်လိုပါတယ်"
တရားသူကြီး - 'မောင်မင်း နောက် ဘာပြစ်မှုတွေ ကျူးလွန်ခဲ့သေးလဲ



နားငြီးတယ်

အမြောက်ကျည်ဆန်ကို ထည့်ပေးရသော တပ်သားက တပ်မှူးကို ပြောသည်။
"ကျွန်တော့ကို တခြား အမြောက်တပ်စုကို ပြောင်းပေးပါခင်ဗျာ"
"ဘာဖြစ်လို့လဲ"
"တစ်နေ့လုံး ပစ်ရမယ်ဆိုရင် ကျွန်တော် ပစ်ဘို့ အသင့်ပါ၊ ဒါပေမယ့် အခုလက်ရှိ
တပ်စုက လက်ဖနင်တင်က တစ်ချိန်လုံး သီးချင်းဆိုနေလို့ပါ"



အဆုံးမခံနိုင်ဘူး

လူငယ်သည် မိမိ တစ်ဖက်သတ်ချစ်နေသော အမျိုးသမီးထံ ရောက်လာကာ
အမျိုးသမီး၏ နာမည် အတိုကောက်ကို ထွင်းထုထားသည် လက်ထပ်လက်စွပ်ကို
လာပေးသည်။ အမျိုးသမီးသည် လက်စွပ်ကို ကြည့်ကာ ခေတ္တမျှ စကားရှာမရသလို
ဖြစ်သွားသည်။
"ကျွန်မ ရှင့်ကို ဘယ်လို ပြောရမှန်းမသိဘူး၊ ကျွန်မက နောက်တစ်ယောက်ကို
ချစ်နေတာရှင့်"
"သူ ဘယ်သူလဲ"
"ကျွန်မ ဘယ်တော့မှ ရှင့်ကို မပြောဘူး၊ သူ့ကို ရှင်ရန်လုပ်မှာ စိုးတယ်"
"ရန်မလုပ်ပါဘူး၊ ဒီလောက် ကံကောင်းတဲ့လူကို ဒီလက်စွပ် သွားရောင်းမလို့ပါ"



သဝန်မတိုပါဘူး

"ရှင် ကျွန်မကို အခုလို သဲသဲမဲမဲ လိုက်ပြီး ချစ်ရေးဆိုနေတာ မသင့်တော်ပါဘူး၊
ကျွန်မမှာ ယောက်ျားရှိတယ်ရှင်"
"ကိစ္စမရှိပါဘူး၊ ကျွန်တော် သဝန်မတိုတက်ပါဘူး"




ဝမ်းနည်းဝမ်းသာ

"အခုအချိန်က စပြီး ညနေ ၇-နာရီ တိတိသူနင်းလာနေကျ
ခြေသံနဲ့တံခါးခေါက်သံကို အိုင်ကြားရတော့မှာ မဟုတ်ဘူး"
"ယူ့စကားက တစ်မျိုးကြီးပဲ၊ ဘာဖြစ်လို့လဲ မေရီ"
"ပြီးတော့ ၂- နှစ်လုံးလုံး၊ တစ်ပတ်မှာ သုံးကြိမ် အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်ပြီး
အိုင့်ကို အနူးညံ့ဆုံးစကားလုံးတွေနဲ့ ချီးမွမ်းစကားကိုလဲ ကြားရစရာ
အကြောင်းမရှိတော့ဘူး။ အခုညနေပဲ သူရေးခဲ့တဲ့ ရည်းစားစာ အားလုံးကို
မီးရှို့ပစ်လိုက်တော့မယ်"
"ဘာလဲ၊ ယူ သူ့နဲ့ လမ်းခွဲတော့မှာလားဟင်"
"ဟင့်အင်း၊ သူ့နဲ့ လက်ထပ်တော့မှာလေ"




ကြိုက်သလို စီစဉ်ပါ

"ကောင်းပြီ၊ ငါ့သမီးက မင်းနဲ့ လက်ထပ်ဘို့ သဘောတူလိုက်ပြီလို့ ဆိုတယ်၊
မင်္ဂလာရက်ကို မင်းတို့ ရွေးပြီးပြီးလား"
"ကျွန်တော်က အရာရာကို လိုက်လျောတက်သူ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကိစ္စကို
သတိုးသမီးကိုပဲ ဆုံးဖြတ်ခွင့် ပေးထားပါတယ်"
"ဘုရားကျောင်းမှာ လက်ထပ်မှာလား"
"သူတို့သမီးရဲ့အမေ ဆုံးဖြတ်ထားတဲ့ အတိုင်းပါပဲခင်ဗျာ"
"ဘယ်လို ဝင်ငွေတွေနဲ့ မင်းတို့ နေကြမှာလဲ"
"ကျွန်တော်ဟာ အရာရာကို လိုက်လျောတက်သူလို့ဦးကို ပြောပြီးပါပကော၊
ဒီကိစ္စကို ဦးပဲ ဆုံးဖြတ်ပါခင်ဗျာ"




နောက်ဆုံးအခွင့်အရေး

တပ်သားသစ်များကို သင်တန်းဆရာက သေနတ်ပစ်ကွင်းသို့ ခေါ်ကာ
သေနတ်ပစ်လေ့ကျင်စေသည်။ ပစ်မှတ်ကို တစ်ကီလိုမီတာ အကွာခန့်တွင် ထားကာ
ပစ်စေရာ ပစ်မှတ်၏ အလယ်တည့်တည့်သို့ ထိဘို့နေနေသာသာ ပစ်မှတ်တိုင်ကြီး
တစ်ခုလုံးကိုပင် ထိအောင် ပစ်နိုင်သူ မရှိချေ။ သို့ဖြင့် ဆရာက ပစ်မှတ်ကို မီတာ
၈ဝဝ- အကွာအထိ ရှေ့တိုးခိုင်းသည်။ဤတစ်ခါတွင်လည်း မည်သူမျှ မထိချေ။
မထိမချင်း ပစ်မှတ်ကို ရှေ့တိုးစေရာ နောက်ဆုံး မီတာ သုံးဆယ် အကွာအဝေးသာ
ကျန်တော့သည်။ ဤတွင် သင်တန်းဆရာက အမိန့်ပေးသည်။
"လှံစွပ်တွေ အသင့်ပြင်၊ ရန်သူကို တက်ထိုး၊ ဒါမင်းတို့အတွက်
နောက်ဆုံးအခွင့်အရေးပဲ"



အကြောက်တရား

"ခုခေတ်လူငယ်တွေဟာ အိမ်ထောင်ပြုရမှာကို ပိုကြောက်လာကြတယ်"
"ကြောက်တာ သိပ်မှန်တာပေါ့၊ ကျုပ်ကိုပဲ ကြည့်၊ လက်မထပ်ခင်တုန်းက
ကြောက်ရမှန်း မသိခဲ့ဘူး"



အလွယ်ကလေး

မိန်းမပြဿနာများဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ ဖြစ်သည့်
ဒေါက်တာဘာနတ်ကို အမျိုးသမီးတစ်ဦးက မေးသည်။
"ကျွန်မကို အဖိုးတစ်သောင်းတန် ဝတ်ရုံ၊ စိန်လက်စွပ်၊ စိန်ဘယက်၊ လျှပ်စစ်မီးဖို၊
ပြီးတော့ မာစီးဒီးကား လက်ဆောင်ပေးခဲ့တဲ့ သူဋ္ဌေးကြီးတစ်ဦးနဲ့ လက်ထပ်ဘို့
စေ့စပ်ထားတာကို ကျွန်မ ပယ်ဖျက်ချင်တယ်၊ ဘာလုပ်ရမလဲဟင်"
"လျှပ်စစ်မီးဖိုကို ပြန်ပေးလိုက်"



ကျေးဇူးတင်တယ်

ကုန်စုံဆိုင်သို့ ၁ဝ နှစ်သားအရွယ် ကျောင်းသားလေးတစ်ယောက် ရောက်လာကာ
ဈေးရောင်းသူကို ပြောသည်။
"ဦးလေး တစ်ကီလိုကို ၁၆-ကိုပက် (ရုရှားငွေ ရူဘယ်နှင့် ကိုပက်သည် မြန်မာငွေ
ကျပ်နှင့် ပြားကဲသို့ ဖြစ်သည်) ကျတဲ့ သကြားကီလိုဝက်၊ တစ်ကီလိုကို
တစ်ရူဘယ်ခွဲကျတဲ့ ထောပတ်ကီလိုဝက်၊ တစ်ကီလို ကိုပက် ၆ဝ- ကျတဲ့ ဒိန်ခဲ
ကီလိုဝက်၊ တစ်ကီလို ကိုပက် ၇ဝ- ကျတဲ့ ကော်ဖီမှုန့် ကျွန်တော် ဝယ်တယ်။
ဦးလေးကို ဆယ်ရူဘယ်တန် တစ်ရွက်ပေးလိုက်တယ်။ ဦးလေး ကျွန်တော့ကို
ဘယ်လောက်ပြန်အမ်းမလဲ"
ချာတိတ်ပြောသမျှ လိုက်ရေးထားသော ဈေးသည်က ချက်ချင်း ပြန်ဖြေသည်။
"၈- ရူဘယ်နဲ့ ၅၂- ကိုပက်"
"ကျေးဇူးပဲ ဦးလေး၊ အဲဒီ ဘောက်ချာ ကျွန်တော့ကို ပေးလိုက်ပါ။ မနက်ဖြန်
ကျောင်းမှာ ဒီပုစ္ဆာကို ကျွန်တော် တွက်ပြရမှာခင်ဗျ။ အိမ်ကျမှ ကျွန်တော်
ပြန်ကူးယူတော့မယ်။ အဲ ပစ္စည်းတွေကိုတော့ ကျွန်တော် မလိုပါဘူး"



အတုံ့အလှည်

ပျော်တက်နောက်တက်သော လူငယ်တစ်စုသည် စားသောက်ဆိုင်တစ်ခုတည်းတွင်
ပုံမှန် စုဝေးစားသောက်လေ့ ရှိကြသည်။ အခါတိုင်းလည်း ရင်းနှီးနေပြီး ဖြစ်သော
စားပွဲထိုးကို ကျီစယ်ကြလေ့ရှိသည်။ စားပွဲထိုး ရေယူလာလျှင် ¤င်း၏
ကွယ်ရာ၌ပန်းအိုးထဲ လောင်းချပြီး ရေမရသေးဟန် ပြောသည်။ ဇွန်း၊ ခရင်း၊
လက်သုတ်ပဝါ စသည်တို့ကို ဝှက်သည်။ စားပွဲထိုးကလည်း မည်သည့်အခါမျှ
စိတ်ဆိုးဟန် မပြေချေ။ တစ်နေ့ စားသောက်ပြီးစီးသောအခါ သူငယ်ချင်းများက
စားပွဲထိုးကို ဘောက်ဆူးကောင်းကောင်းပေးကာ ဤသို့ ပြောသည်။
"ခင်ဗျားဟာ အင်မတန် စိတ်ကောင်းရှိတဲ့ စားပွဲထိုးပဲ။ ခင်ဗျားအပေါ် ကျွန်တော့်တို့
ဘယ်လောက်ပဲ ကျီစယ် ကျီစယ် ခင်ဗျား ဘယ်တော့မှ စိတ်မဆိုးဘူး၊ အဲဒါကြောင့်
ဒီနေ့က စပြီး နောက်နောင် ခင်ဗျားကို ကျွန်တော်တို့ မစတော့ဘူး"
"ကျေးဇူးပါပဲ၊ ကျွန်တော်ကလဲ မိတ်ဆွေတို့ရဲ့ ကော်ဖီခွက်ထဲ ဖိနပ်တိုက်ဆေး
ထည့်ဖျော်နေတာကို ရပ်လိုက်ပါတော့မယ်"



အကူမလိုလို့ပါ

"ခင်ဗျားရဲ့ ယောက္ခမကို တရားခံက လည်ညှစ်သတ်နေတာကို ခင်ဗျား မြင်တာ
အမှန်ပဲနော်"
"မှန်ပါတယ် တရားသူကြီးမင်း"
"ဒီလိုဆိုရင် ဘာဖြစ်လို့ ဝင်မကူသလဲ"
"ကျွန်တော် ဝင်ကူမလို့ပါ။ ဒါပေမယ့် လူသတ်သမားဟာ သူတစ်ယောက်တည်းနဲ့
သူ့လုပ်ငန်းကို သူပြီးစီးအောင် လုပ်နိုင်တာ တွေ့တာနဲ့ ဝင်မနှောင်ယှက်တော့ဘူးလို့
ဆုံးဖြတ်လိုက်ပါတယ်"

Read More »

No comments: