Wednesday, November 5, 2008

ဟာသ (၆)

နောက်ဆို တစ်ခါပဲဆက်

ချူချာတို့ဌာနေ အနာဒီးမှာ ဘူမိဗေဒ အခြေစိုက်စခန်း ဖွင့်လိုက်သည်။ အလုပ်သမားတွေ အိမ်ထောင်တစ်စု လိုင်းခန်းတစ်ခန်း ရသည်။ ရုံးချုပ်နှင့် အလုပ်သမား လိုင်းခန်းအတွက် အနီးပြော တယ်လီဖုန်းတွေ တစ်ခန်းတစ်လုံးကျ တပ်ပေးသည်။ ဓာတ်ငွေ့မီးဖိုနှင့် လျှပ်စစ်မီးပူ တစ်လုံးစီ ရကြသည်။
တစ်နေ့ ချူချာ အလုပ်သွားခါနီး မိန်းမကို မှာသည်။
“ မိန်းမ၊ ငါရုံးကိုရောက်ရင် ဖုန်းလှမ်းဆက်မယ်။ ဖုန်းပြောတတ်အောင် လုပ်ထား၊ ကြားလား ”
ဖုန်းကိုင်ပုံ ကိုင်နည်း၊ ပြောပုံ ပြောနည်းကို လက်တွေ့ ပြပေးသည်။
“ ဘယ်တော့ ဆက်မှာလဲ ကျုပ်မီးပူတိုက်စရာတွေ အများကြီး ရှိတယ်တော့် ”
“ ဒါဘာခက်လဲ မီးပူတိုက်တဲ့ အနားကို ဖုန်းယူပြီး ချထားလိုက်ပေါ့ ”
ချူချာ အလုပ်ဆီ ထွက်သွားသည်။
အလုပ်ထဲရောက်တော့ အိမ်ကို ဖုန်းဆက်သည်။ ဘာသံမျှ မကြား။ နောက်တစ်ခါ ထပ်ဆက်သည်။ အကြောင်းမထူး၊
ညနေ အလုပ်ဆင်းတော့ နားရွက် နှစ်ဘက်နှင့် ပါးနှစ်ဘက်မှာ မီးလောင်ဒဏ်ရာ ရထားသည့် မိန်းမကို တွေ့သည်။
“ ဒါက ဘာဖြစ်တာလဲ မိန်းမ၊ ရေနွေးပူ လောင်တာလား ”
“ ဘယ်က ရေနွေးပူ လောင်ရမလဲ။ တော့်ကြောင့်ရှင့် တော့်ကြောင့်။ ကျုပ်မီးပူ တိုက်နေတုန်း ဖုန်းလာတယ်။ ဘေးနားချထားတဲ့ ဖုန်းနဲ့ မီးပူ မှားကိုင်မိပြီး ပြောမယ်လုပ်တော့ ညာဘက် နားရွက်နဲ့ ပါးကို အပူလောင်တယ်။ ”
“ ဘယ်ဘက်ပါးနဲ့ နားရွက်ကကော ဘာဖြစ်တာလဲ ”
“ အိုး-ရှင်ဘာဖြစ်လို့ နောက်တစ်ခါ ထပ်ဆက်လဲ ”




အပါ့ကွာ

ချူချာတို့ လင်မယား ကုန်ပဒေသာဆိုင်ထဲ လျှောက်ကြည့်ကြသည်။
အိမ်သုံးပစ္စည်း ကောင်တာတွင် အရောင်စုံ၊ အရွယ်စုံ ဓာတ်ဘူးတွေကို တွေ့တော့ နှစ်ယောက်စလုံး စိတ်ဝင်စား သွားကြသည်။
ချူချာက အရောင်းစာရေးကြီးကို မေးသည်။
“ ရဲဘော် အရောင်းစာရေးကြီး၊ ဟိုစင်ပေါ်က ဟာတွေက ဘာခေါ်လဲ ”
“ အဲဒါ ဓာတ်ဘူးလို့ ခေါ်တယ် ချူချာ ”
“ ဓာတ်ဘူးတဲ့လား၊ အဲဒါ ဘာလုပ်ရသလဲ ”
“ အအေးပဲ ထည့်ထည့်၊ အပူပဲ ထည့်ထည့် ကြိုက်သလို သုံးလို့ရတယ် ချူချာ။ ရေနွေး ထည့်ထားရင် တစ်နေကုန်ခံတယ်။ အေးမသွားဘူး။ ရေခဲ ထည့်ထားလဲ တစ်နေကုန်ခံတယ်။ အရည်ပျော် မသွားဘူး။ ”
ချူချာ့မိန်းမက စိတ်ဝင်တစားဖြင့် ပြောသည်။
“ ကျုပ်တို့ အဲဒီ ဓာတ်ဘူးဆိုတဲ့ဟာ နှစ်လုံးလောက် ၀ယ်ရအောင် ”
“ ဘာလုပ်ဖို့လဲ မိန်းမ…… ”
“ အိုး- တော်ကလဲ တစ်လုံးက ရေနွေးထည့်ဖို့၊ တစ်လုံးက ရေခဲထည့်ဖို့ပေါ့တော် ”
ချူချာ မိန်းမကို မျက်စောင်းထိုးရင်း ကြိမ်းသည်။
“ မိန်းမ- နင်တော်တော်အ။ တစ်လုံးပဲ ၀ယ်မှာပေါ့။ စာရေးကြီးက ပြောတယ်လေ။ အပူအအေး ကြိုက်သလိုသုံးတဲ့။ ရေနွေး အရင်လောင်းထည့်။ ပြီးရင် အပေါ်က ရေခဲထည့်။ တစ်လုံးတည်းနဲ့ ပြီးရော မဟုတ်လား ”





စုံထောက်ကြီး ချူချာ

ချူချာ မော်စကိုတက်ပြီး ရဲစုံထောက် ဌာနမှာ အလုပ်ဝင်လျှောက်သည်။ လူတွေ့ စစ်ဆေးသည့် နေ့တွင် စခန်းတာဝန်ခံက မေးသည်။
“ မင်းက စုံထောက် လုပ်ချင်တယ်ပေါ့ ဟုတ်လား ချူချာ ”
“ ဟုတ်…… ”
“ ကဲ- မင်းကို အရင်ဆုံး အထွေထွေ ဗဟုသုတ စစ်မယ်၊ ဟုတ်လား ”
“ ဟုတ်……”
“ နှစ်နဲ့နှစ် ပေါင်းရင် ဘယ်လောက်ရသလဲ ”
ချူချာ လက်တွေ ချိုးရင်း ဆယ်မိနစ်လောက် ကြာသွားသည်။ အဖြေမထွက်။
“ ကဲ- ရှိစေတော့၊ ခေါင်းဆောင်ကြီး စတာလင်ကို သိလား ”
“ ဟုတ် ”
“ သူက ဘယ်အရပ်သားလဲ ”
ချူချာ့ဆီက ဘာသံမျှ မကြား။
“ တပ်နီတော် သူရဲကောင်း၊ ဗိုလ်မှုး ချက်ပါယက်ဗ်ကို ဖောက်ပြန်ရေးသမား တပ်ဖြူ သူလျှိုကောင်က လုပ်ကြံတာကော သိလား ”
“ ဟုတ် ”
“ ဒါဖြင့်- အဲဒီ သူလျှိုကောင် နာမည် ပြောစမ်း ”
ချူချာ့ဆီက အဖြေ မထွက်လာ။
“ ကဲ- ဒီလောက်ဆို မင်းအရည်အချင်းကို ငါသိပြီ ချူချာ။ ဒီတော့ အခု အိမ်ပြန်။ အိမ်ရောက်ရင် အဲဒီ တရားခံ ဘယ်သူလဲ ဆိုတာ သေချာစဉ်းစား။ စဉ်းစားလို့ ရရင် ပြန်လာခဲ့ ဟုတ်လား ” ဟုငေါ့သည်။
သည်လိုနှင့် ချူချာ ပြန်လာသည်။ အပေါင်းအသင်းတွေက အလုပ် အဆင်ပြေ မပြေ ၀ိုင်းမေးကြသည်။
“ ပြေမှပြေပဲ။ အလုပ်ရရုံတင် မကဘူး။ အမှုတစ်ခုတောင် အပ်လိုက်သေးတယ်။ ပေါ့သေးသေး အမှု မဟုတ်ဘူး။ ဧရာမ လုပ်ကြံမှုကြီးကွ ”

1 comment:

အလင်းစေတမန် said...

ကဲ ဖုန်းတော့ နှစ်ခါမဆက်နဲ.နော် ဆရာသမား