ချူချာနှင့်မော်စကိုဗစ်
ချူချာ ဂရဲင်း မော်စကို အောင်ဘာလေဆုကြီးပေါက်သည်။ မော်စကိုတက်ပြီး ထီဆုငွေ ထုတ်သည်။ ဆုကြေးငွေ ရူဘယ် တစ်သိန်းအပြင် မော်ဒယ်သစ် မော်စကိုဗစ် ဆီဒင် ကားကြီးတစ်စင်းပါ လက်ဆောင်ရသည်။
သက်ဆိုင်ရာ တာဝန်ခံများက မော်တော်ယာဉ် ထုတ်လုပ်ရာ စက်ရုံသို့ ခေါ်သွားပြီး အသစ်ကျပ်ချွတ် ကားကြီးကို ပြသည်။
ချူချာ အရမ်း သဘောကျသွားပြီး ကားကို မျက်လုံး ကျွတ်လုမတတ် ကြည့်သည်။
ကားနား ကပ်သွားပြီး ဘော်ဒီကို ဟိုထု ဒီထု လိုက်ထုကြည့်သည်။
“တောင့်လိုက်တဲ့ကောင်ကြီး၊ သံနဲ့လုပ်ထားသလား အောက်မေ့ရတယ်”
ကားကို လှည့်ပတ်ကြည့်ရင်း နောက်မြီးဘက် ရောက်သွားသည်။
နောက်ဘန်ပါအောက် ညာဘက်တွင် ခြောက်လက်မခန့် ပြူထွက်နေသည့် အိတ်ဇောပိုက်ကို တွေ့သွားသည်။ မရဲတရဲ လက်နှင့် စမ်းကြည့်ရင်း ချူချာ မှတ်ချက်ချသည်။
“အိုး…….. ဒီလောက်လှနေလို့၊ ငါက အမထင်နေတာ မဟုတ်ဘူး၊ …. အထီးလေးဟ-“
ဆဋ္ဌမမြောက် ချူချာ
ချူချာ့ဇနီး မွေးခန်းထဲ ရောက်နေသည်။
အပြင် ခုံတန်းလျားမှာ ထိုင်စောင့်ရင်း လမ်းထိပ်က ၀ယ်လာသည့် သတင်းစာကြီးကို ဖတ်နေလိုက်သည်။ တစ်နေရာ၌ တရုတ်ပြည်၏ လူဦးရေမှာ ယခုအခါ သန်း တစ်ထောင့်ငါးရာအထိ ရှိနေပြီဖြစ်ကြောင်း။ လူဦးရေမှာ ယခုအခါ သန်း တစ်ထောင့်ငါးရာ အထိ ရှိနေပြီဖြစ်ကြောင်း။ ကမ္ဘာတွင် လူခြောက်ယောက်ရှိလျှင် တစ်ယောက်မှာ တရုတ်လူမျိုး ဖြစ်နေပြီဟု ပြောနိုင်ကြောင်း စသည်ဖြင့် တရုတ်ပြည်သစ် လူဦးရေအကြောင်း သတင်းဆောင်းပါးကို တွေ့သည်။ ချူချာဆောင်းပါးကို အပြန်ပြန် အလှန်လှန် ဖတ်သည်။
ခဏကြာတော့ မွေးခန်းသူနာပြု ဆရာမကလေး ထွက်လာပြီး သတင်းပို့သည်။
“ဒီက ချူချာ့အတွက် သားရတနာလေး အောင်မြင်စွာ မွေးဖွားပြီးပါပြီရှင်၊ ဟောဒီ မွေးစာရင်း ပုံစံမှာ လိုတာလေးတွေ တဆိတ်လောက် ကျေးဇူးပြုပြီး ဖြည့်ပေးပါ”
ချူချာ မွေးစာရင်းပုံစံကို ယူပြီး ခပ်တည်တည် ဖြည့်သည်။
ဖခင်၏ လူမျိုးနှင့်နေရပ်…………
ချူချာ၊ ဆိုက်ဘေးရီးယား၊ တိုင်ဂါး။
မိခင်၏ လူမျိုးနှင့်နေရပ်…………
ချူချာ၊ ဆိုက်ဘေးရီးယား၊ တိုင်ဂါး။
ကလေး၏ လူမျိုးနှင့်နေရပ်………..
တရုတ်၊ ဆိုက်ဘေးရီးယား၊ တိုင်ဂါး။
ချူချာ့မွေးစာရင်းကို ကြည့်ပြီး မွေးခန်း သူနာပြုမကလေး မျက်လုံး ပြူးသွားသည်။
“မဟုတ်ဘူးလေ၊ မှားနေပြီ ချူချာ၊ အဖေ ချူချာ၊ အမေ ချူချာ၊ မွေးလာတဲ့ ကလေးကလဲ ချူချာပေါ့။ ဘယ်နှယ့် တရုတ်လို့ ဖြစ်နေတာလဲ”
ချူချာက ပါးစပ်ဖြင့် မဖြေ။ သတင်းစာထဲက ဆောင်းပါးကို လက်နှင့် ထောက်ပြသည်။ သူနာပြု ဆရာမကလေးက ဖတ်ကြည့်သည်။
“အဲဒါနဲ့ ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ လူခြောက်ယောက်ရှိရင် နောက်ဆုံး ဆဋ္ဌမမြောက်ဟာ တရုတ်လူမျိုး ဖြစ်နေပြီတဲ့။ အခုမွေးတဲ့ကောင်က ငါတို့ မိသားစုရဲ့ ခြောက်ယောက်မြောက်လေ”
No comments:
Post a Comment