လမ်းလုပ်သား ချူချာ
ချူချာ မော်စကို လမ်းတံတား ဌာနမှာ အလုပ်ရသည်။
အလုပ် စဆင်းရသည့်နေ့တွင် သူ့အလုပ်ကြပ် ရဲဘော် ဆီပြွန်နော့ဗ်က မော်စကို မြို့ပြင်ရှိ ပြုပြင်ဆဲ အဝေးပြေး လမ်းမကြီးဆီ ခေါ်သွားသည်။
လမ်းမအလယ်မှာ ထုံးဖြူဖြင့် ဆွဲထားသည့် မျဉ်းဖြူကို ပြရင်း ရဲဘော် ဆီပြွန်နော့ဗ်က ပြောသည်။
“ဟောဒီမှာ ဆေးဖြူပုံး။ ဒါက စုတ်တံ။ အဲဒီ ထုံးဖြူနဲ့ ပြထားတဲ့ မျဉ်းအတိုင်း မင်း ဒီစုတ်တံနဲ့ ဆေးဖြူ လိုက်သုတ်ရမယ်။ မျဉ်းဖြူ တစ်ကီလိုမီတာ သုတ်ပြီးတိုင်း တစ်ရူဘယ်ရမယ်။ သဘောပေါက်တယ်နော်……“
ချူချာ ခေါင်းညိတ် ၀န်ခံသည်။ ရဲဘော် ဆီပြွန်နော့ဗ်က စိတ်မချသေးသဖြင့် သူကိုယ်တိုင် လက်တွေ့ လုပ်ပြသည်။
“ဆေးပုံးကို ဒီမှာ အခု ငါထားသလိုထား။ စုတ်ကို ဒီလိုကိုင်။ ဆေးပုံးထဲ ဒီလိုနှစ်။ သုတ်တော့ ဒီမှာကြည့်၊ အဲဒီလိုသုတ်၊ ဟုတ်ပြီနော်….“
ချူချာ ဆေးဖြူတစ်ပုံး၊ စုတ်တံ တစ်ချောင်းနှင့် တစ်နေကုန် ကြိုးစားပမ်းစား လုပ်သည်။ ညနေ လုပ်အားခ ရှင်းတော့ ခြောက်ကီလိုမီတာ ပြီးသဖြင့် ခြောက်ရူဘယ် ရသည်။
ဒုတိယနေ့ လုပ်ခရှင်းတော့ ချူချာ လေးရူဘယ် ရသည်။
တတိယနေ့မှာ သုံးရူဘယ်။ စတုတ္ထနေ့မှာ နှစ်ရူဘယ်သာ ရတော့ အလုပ်ကြပ် ရဲဘော် ဆီပြွန်နော့ဗ်က မေးသည်။
“ဘယ်လိုဖြစ်ရတာလဲ ချူချာ။ မင်းဟာက တစ်နေ့ထက်တစ်နေ့ ပိုပြီးရမယ့်အစား လျော့လျော့လာရတယ်လို့ ဘာအဆင်မပြေလို့လဲ“
“ဆေးပုံးကို ရဲဘော် ဆီပြွန်နော့ဗ် ပြထားတဲ့ နေရာမှာ ထားတယ်လေ။ ပထမနေ့က အဟုတ်သား။ နောက်နေ့တွေကျတော့ ဆေးသွားသုတ်လိုက်၊ ဆေးပုံးဆီ ပြန်လာလိုက်။ ဆေးပုံးနဲ့ ချူချာနဲ့ ကြာလေ ဝေးလေပဲ။ နက်ဖြန်ဆို တစ်ရူဘယ်တောင် ရပါ့မလားမသိ“
No comments:
Post a Comment