Thursday, October 16, 2008

ဟာသ (၄)


ချူချာနှင့် ဥာဏ်စမ်းပဟေဋ္ဌိ


ပရာဗဒါ သတင်းစာထဲက ဆုတ်ယူထားသည့် ဇယားကွက်ဖြည့် ဥာဏ်စမ်းပဟေဋ္ဌိ စာရွက်ကို ကိုင်ပြီး အယ်ဒီတာချုပ်နှင့် တွေ့လိုကြောင်း ချူချာ တောင်းဆိုသည်။
“တွေ့လို့တော့ ရပါတယ်။ ကိစ္စ သိပ်အရေးမကြီးဘူး ဆိုရင် ကျွန်တော်နဲ့ ပြောလဲ ရတယ် ချူချာ“
ချူချာက လက်ထောက် အယ်ဒီတာကို တစ်ချက်စွေကြည့်ပြီး ပြောသည်။
“မရဘူး၊ အရေးကြီးတယ်၊ သူနဲ့ တွေ့ရမှ ဖြစ်မယ်“
သည်လိုနှင့် ချူချာ အယ်ဒီတာချုပ် အခန်းထဲ ရောက်သွားသည်။
“ဘာကိစ္စလဲ ရဲဘော်ချူချာ….“
“ရဲဘော်တို့ သတင်းစာက တနင်္ဂနွေ အထူး ဥာဏ်စမ်းပဟေဋ္ဌိ မှန်အောင် ဖြည့်နိုင်ရင် ရူဘယ် တစ်ရာပေးတယ်ဆို“
“ဟုတ်တယ်လေ၊ တနင်္ဂနွေ အထူးထုတ်မှာ ပဟေဋ္ဌိတွေက အများကြီးပါတာ။ အားလုံးကိုလဲ ဆုကြေး ရူဘယ် တစ်ရာစီ သတ်မှတ်ထားတာ။ ရဲဘော်ချူချာ ဘယ်ပဟေဋ္ဌိကို မှန်အောင် ဖြည့်နိုင်လို့လဲ၊ ခဏ ပြစမ်းပါဦး“
ချူချာက သူဖြည့်ထားသည့် ပဟေဋ္ဌိကို သေချာအောင် ထပ်စစ်ဆေးရင်း ပြောသည်။
“ရဲဘော်တို့ ပရာဗဒါက ဒီပဟေဋ္ဌိကို သုံးနှစ်ကနေ ငါးနှစ်အတွင်း မှန်အောင်ဖြည့်နိုင်ရင် ရူဘယ် တစ်ရာပေးမယ်ဆို။ အခု ဒီဟာကို ငါ ခြောက်လနဲ့ မှန်အောင် ဖြေနိုင်လို့ အခု လာပြတာ။ ပေး ရူဘယ် တစ်ရာ။ ဟောဒီမှာ ငါဖြည့်ထားတဲ့ စာရွက်…..“
အယ်ဒီတာချုပ် နားဝေတိမ်တောင်ဖြင့် ချူချာကမ်းပေးသော ပဟေဋ္ဌိစာရွက်ကို ယူကြည့်သည်။ ပဟေဋ္ဌိ စာရွက်ကို မြင်တော့ ရူးချင်စိတ် ပေါက်သွားသည်။
လွန်ခဲ့သော ခြောက်လထုတ် ပရာဗဒါ သတင်းစာ အဟောင်း။
မူကြိုလွန်အဆင့် ကလေးငယ်များ အတွက် အထူးစီစဉ်ထားသည့် ဇယားကွက်ဖြည့် ဥာဏ်စမ်းပဟေဋ္ဌိ။
စာလုံးမည်းကြီးများဖြင့် သတိ သုံးနှစ်မှ ငါးနှစ်အတွင်း….ဟု ထင်ထင်ရှားရှား ရိုက်ထားသည်။
ကိုချူချာ လုပ်ချလိုက်ပြန်ပြီ။




ချူချာနှင့် ကိုယ်လုံးပေါ်မှန်


ဆိုက်ဘေးရီးယားရောက် ဘူမိဗေဒ အဖွဲ့တွေ မော်စကို ပြန်ကြပြီ။
အဖွဲ့ခေါင်းဆောင် အင်ဂျင်နီယာကြီးအား တောခွေးတွေ အန္တရာယ်မှ ကယ်ထားဖူးသဖြင့် အဘိုးကြီးက ချူချာ့ကို အရမ်း ကျေးဇူးတင်နေသည်။
အ၀တ်ထည့် ထင်းရှူးသား ဗီရိုကြီးတွေကို ချူချာတွေ မက်မောကြောင်း သိထားသည့် အင်ဂျင်နီယာကြီးက လူချင်းခွဲခါနီးမှာ ချူချာ့ကို ကတိပေးသည်။
“ဟိုရောက်ရင် မင်းအတွက် ဗီရိုကြီးတစ်လုံး လက်ဆောင် ပို့ပေးလိုက်မယ် ချူချာ၊ ကဲ- သွားပြီဟေ့“
တစ်လလောက်ကြာတော့၊ နောက်ထပ် ကွင်းဆင်းလာသည့် အဖွဲ့သစ်က ဧရာမ အ၀တ်ဗီရိုကြီးတစ်လုံး ယူလာပြီး ချူချာ့လက် အပ်သည်။
ဝမ်းသာအားရ အိမ်သယ်လာပြီး ဧည့်ခန်းမှာ ထားသည်။
ဗီရိုကို ဖွင့်လိုက်တော့ တံခါးနှစ်ဘက်စလုံးမှာ ကိုယ်လုံးပေါ်မှန်ကြီး နှစ်ချပ်ပါတာ တွေ့ရသည်။ မှန်နှစ်ချပ်မှာ ပေါ်နေသည့် သူ့ပုံရိပ် နှစ်ခုကို ကြည့်ရင်း ချူချာ သူ့မိန်းမကို လှမ်းအော်ပြောသည်။
“မိန်းမရေ - ဟိုဘက်ရွာက အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ လာတယ်ဟေ့။ ဒီမှာ လာကြည့်စမ်း“
ချူချာ့မိန်းမ မီးဖိုချောင်က ထွက်လာပြီး မှန်ထဲက သူ့ပုံရိပ် နှစ်ခုကို မြင်သွားသည်။
“ဟုတ်ပါ့တော်… ယောက်မ နှစ်ယောက်လဲ လိုက်လာတယ်ဟေ့“

No comments: