Saturday, November 8, 2008

ဟာသ (၈)


ချူချာနှင့်ကြေးနန်းစာ

ဘူမိဗေဒ အဖွဲ့တွေနှင့် နယ်စွန်နယ်ဖျား ဗလာဒီးဗော့စတော့ အထိ ချူချာ ရောက်သွားသည်။
တစ်ရက် အင်ဂျင်နီယာချူပ်က ချူချာ့ကို သူ့ရုံးခန်းထဲ ခေါ်တွေ့ပြီး ပြောသည်။
“ စိတ်မကောင်းစရာပဲ ချူချာ၊ ဟောဒီမှာ ရွာက မင်းမိန်းမ ရိုက်လိုက်တဲ့ ကြေးနန်း၊ မင်းအမေ ပြီးခဲ့တဲ့ တနင်္ဂနွေက ဆုံးပြီတဲ့ ”
ချူချာ သံကြိုးစာကိုင်ပြီး ရှိုက်ကြီးတငင် ငိုသည်။
အင်းဂျင်နီယာချူပ်နှင့် ရုံးအဖွဲ့သားတွေ ၀ိုင်းဖျောင်းဖျ အားပေးကြသဖြင့် ချူချာ အငိုရပ်ပြီး အလုပ်သမား တန်းလျားဆီ ပြန်သည်။
ညနေစောင်းတော့ အလုပ်သမား တန်းလျားဘက်ဆီက ဆူဆူညံညံ အသံကြားသဖြင့် အင်ဂျင်နီယာချူပ်က အလုပ်ကြပ် ဆီပြွန်နော့ဗ်ကို ခေါ်မေးသည်။
“ ကျွန်တော်လဲ အခုပဲကြားလို့ သွားမေးကြည့်မယ် ဆိုပြီး ထွက်လာတာပါ ရဲဘော် အင်ဂျင်နီယာချုပ် ”
အလုပ်ကြပ် ဆီပြွန်နော့ဗ် တန်းလျားဆီကို ရောက်တော့ စာရွက် နှစ်ရွက် ကိုင်ပြီး ငိုနေသည့် ချူချာကို အလုပ်သမားတွေ ၀ိုင်းချော့နေတာ တွေ့ရသည်။
“ ဘာဖြစ်လို့လဲ ချူချာ ”
ချူချာက ရှိုက်ရင်းပြောသည်။
“ မနက်က ငါ့အမေဆုံးတဲ့အကြောင်း ငါ့မိန်းမဆီက သံကြိုးလာတယ်။ အခု ဟောဒီမှာ ငါ့ညီအငယ်ကောင်က သံကြိုးရိုက်လိုက်တယ်။ သူ့အမေလဲ ဆုံးပြန်ပြီတဲ့ ” ပြောပြောဆိုဆို ချူချာ အသံပြဲကြီးနှင့် ငိုသည်။




ယာဉ်ထိန်းရဲ ချူချာ

ချူချာတို့ ဌာနေမြို့တော် အနာဒီးမှာ ယခင်က ရွာသိမ်ရွာငယ်ကလေးမျှသာ။ ဆိုက်ဘေးရီးယားမှာ ရေနံ တွေ့ပြီး ကတည်းက အနာဒီးလည်း မြို့ဖြစ်လာသည်။
ကားလမ်းမတွေဖောက်။ ကားကြီးကားငယ်တွေလည်း အစုံရောက်လာသည်။
ကားတွေရှိတော့ ယာဉ်ထိန်းရဲတွေ ပေါ်လာရသည်။
သည်လိုနှင့် ချူချာတစ်ယောက် ယာဉ်ထိန်းရဲ ဖြစ်လာသည်။
တစ်နေ့ အမှတ်-၃ လမ်းမပေါ်မှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာသည့် ဗော်လဂါဆီဒင် တစ်စင်းနောက် ချူချာ အတင်းလိုက်သည်။
ငါးမိနစ်လောက်ရှိတော့ စည်းဖောက်ယာဉ်ကို မီလာပြီး တားသည်။
ကားနား ကပ်မိတော့ ဒရိုင်ဘာ ငနဲမှာ သူ့လိုပင် ချူချာတစ်ယောက် ဖြစ်နေသည်။ ယာဉ်မောင်းလိုင်စင် တောင်းသည်။ ဒရိုင်ဘာ ငနဲသားက အူကြောင်ကြောင် လုပ်နေသည်။
“ လိုင်စင် ……. လိုင်စင် ” ချူချာ လေသံ ခပ်ဆတ်ဆတ်ဖြင့် အော်သည်။
“ လိုင်စင်ဆိုတာ ဘယ်လိုဟာလဲ ….. ဒါလားဆရာ ”
ဒရိုင်ဘာငနဲ သူ့အင်္ကျီအိတ်ထဲက စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ထုတ်ပြရင်း မေးသည်။
ချူချာ စိတ်မရှည်တော့။
“ လိုင်စင်တောင် မသိဘူးလား။ ကားတော့ မောင်းနေပြီး။ အပြာနုရောင် လေးထောင့်၊ ကတ်ထူအမာစား။ ခင်ဗျား ဓာတ်ပုံလဲ ကပ်ထားတယ် ”
ဒရိုင်ဘာငနဲ အင်္ကျီအိတ်ထဲသာမက ကားဒတ်ရှ်ဘုတ် အံဆွဲထဲအထိ မွှေသည်။ ခဏကြာတော့ အပြာနုရောင် ပလတ်စတစ်ဘောင် ကွပ်ထားသည့် လေးထောင့် မှန်ကလေး တစ်ချပ် ထွက်လာသည်။
“ ဟော- တွေ့ပြီ၊ ဒါမဟုတ်လား ဆရာ ”
မှန်ထဲမှာ ပေါ်နေသည့် သူ့ရုပ်ကို ကြည့်ရင်း ဆက်ပြောသည်။
“ ဟုတ်တယ်ဆရာ၊ ဒါကျွန်တော့်လိုင်စင်ပဲ၊ ကျွန်တော့် ဓာတ်ပုံလဲ ပါတယ် ”
ယာဉ်ထိန်းရဲ ချူချာက ဒရိုင်ဘာ ချူချာ ကမ်းပေးသည့် မှန်ချပ်ကို ယူကြည့်သည်။ မှန်ထဲပေါ်နေသည့် သူ့ပုံကို ကြည့်ပြီးပြောသည်။
“ သြော်…. လက်စသပ်တော့ ခင်ဗျားလဲ ယာဉ်ထိန်းရဲကိုး။ အရပ်ဝတ်နဲ့ဆိုတော့ ကျုပ်လဲ ဘယ်သိပါ့မလဲ။ ရော့….ရော့.. ခင်ဗျားလိုင်စင်။ သွားဦးမယ်နော်- တာ့တာ…..”

No comments: