Tuesday, November 25, 2008

ဟာသ (၁၀)

စီအိုင်အေ ချူချာ

ချူချာ အမေရိက ရောက်သွားပြီး စီအိုင်အေမှာ အလုပ်ဝင်လျှောက်သည်။
ကံအားလျော်စွာ အလုပ်ရသည်။
သူ့အထက်အရာရှိက ရုံးခန်းထဲ နှစ်ကိုယ်ချင်း ခေါ်တွေ့ပြီး ဆောင်ရန် ရှောင်ရန်တွေ ညွှန်ကြားသည်။


စီအိုင်အေ အေးဂျင့်တို့ ရပိုင်အပ်သော အဆောင်အယောင် ပစ္စည်းတွေ ပေးသည်။ ထိုနေ့က သူရလိုက်သမျှ ပစ္စည်းတွေထဲမှာ ချူချာ သဘောအကျဆုံး ပစ္စည်းက နောက်ဆုံးထုတ် မော်ဒယ်သစ် ဂျီအက်စ်အမ်စမတ်ဖုန်းပင် ဖြစ်သည်။
သူ့ဆရာက ဂျီအက်စ်အမ်ဖုန်း သုံးပုံ သုံးနည်းများ လက်ထပ် သင်ပေးသည်။
“ ငါ အခုပြောတာတွေကို သေချာ မှတ်ထားနော် ချူချာ။ မင်းကို ဒီအပတ်ထဲမှာ တာဝန် စပေးမယ်။ အရင်ဆုံး ဒီစမတ်ဖုန်းကို အပိုင်သုံးတတ်အောင် လုပ်ထား ကြားလား။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း မင်းကို ငါ ဒီဖုန်းကနေ စပြီး ဆက်သွယ်မယ် ဟုတ်လား ”
“ ဟုတ် ”
သည်လိုနှင့် စီအိုင်အေ အေးဂျင့် ချူချာတစ်ယောက် ဖုန်းတကိုင်ကိုင်ဖြင့် လမ်းသလားသည်။
တစ်ရက် ဝေါလ်မတ် ကုန်ပဒေသာ ဆိုင်ထဲ ၀င်ကြည့်နေတုန်း ဖုန်းမြည်လာသည်။ လူရှင်းသည့် ထောင့်တစ်နေရာ သွားပြီး ဖုန်းနားထောင်သည်။
တစ်ဘက်က ညွှန်ကြားစရာတွေ ညွှန်ကြားသည်။ ဖုန်းနားထောင်ရင်း ချူချာ မျက်စိမျက်နှာပျက် ဖြစ်လာသည်။
“ ကဲ- ဒါပဲ ချူချာ။ ရှင်းတယ်နော် ဘာပြောစရာ ရှိသေးလဲ ”
ချူချာ ဘေးဘီ ပတ်ဝန်းကျင်ကို ကြည့်ရင်း လေသံနှိမ့်ပြီး ပြောသည်။
“ ကျွန်တော့်နောက်ကို အယ်လ်ကိုင်ဒါ စပိုင်တွေ လိုက်နေတယ် ဆရာ ”
“ ဟေ- ဟုတ်လား၊ မင်းဘယ်လိုလုပ် သိသလဲ၊ အဲဒီ စပိုင်ကိုရော မင်းသိပြီလား ”
ချူချာ မျက်နှာကြော တင်းသွားပြီး ခပ်ပြတ်ပြတ် ဖြေသည်။
“ သိသမှ သိပ်သိ။ အယ်လ်ကိုင်ဒါ စပိုင်ဟာ ဆရာ ကိုယ်တိုင်ပဲ။ ကျွန်တော် ဒီဆိုင်ထဲမှာ ရောက်နေတာ ခင်ဗျား ဘယ်လိုလုပ် သိသလဲ။ အဲဒါ အရင်ပြော။ ခင်ဗျား ၀န်မခံရင် ကျွန်တော် ဟော့လိုင်းကနေ အထက်ကို သတင်းပို့လိုက်မယ် ”

No comments: