Tuesday, November 17, 2009

ဟာသ (၂၇)

စော်ကားခံရခြင်း

အလွန်ဝသော မိန်းမကြီးတစ်ယောက် ကားမှတ်တိုင်အနားတွင် ရပ်နေသည့် ရဲသားဘက်
ခပ်သွက်သွက်လေး လျှေက်လာပြီး ပြောသည်။
"အခုထွက်သွားတဲ့ ဘက်စ်ကားရဲ့ စပယ်ယာနဲ့ ပတ်သတ်ပြီး ကျွန်မ တိုင်ချင်တယ်။ သူ
အင်မတန် ရိုင်းတယ်ရှင့်"
"ဘယ်လို ရိုင်းတာလဲ"
"ကားမှတ်တိုင်တွေ ရောက်တိုင်းမှာ စောင့်နေတဲ့ လူတွေကို 'နေရာလွတ်မရှိဘူး'
လို့ပြောတယ်။ အဲအခု မှတ်တိုင်မှာ ကျွန်မ ဆင်းလိုက်တော့ နေရာလွတ် သုံးနေရာ ရှိတယ်လို့
သူအော်ပြောတယ်ရှင့်"



တစ်အိမ်လိုနေတယ်

မကြာမီကမှ လက်ထပ်လိုက်သော ဆရာဝန်ထံ ¤င်း၏မိတ်ဆွေများက ပိုကာကစားရန်
ဖိတ်ခေါ်သည်။
'အရေးပေါ် ဆင့်ခေါ်တဲ့ဖုန်းကွ ' ဟု ပြောပြီး ဆရာဝန် တယ်လီဖုန်းကို ချလိုက်သည်။
အဝတ်အစားကို အမြန်ကောက်ဝတ်သည်။
'အခြေအနေ သိပ်စိုးရိမ်စရာများလား မောင်' ဇနီးသည်က မေးသည်။
"ဟုတ်တယ်။ ဆရာဝန်လေးယောက်တောင် ရောက်နေကြပြီ"



လူကြီးနဲ့ လူငယ်

လူကြီးများသည် ယခုခတ်လူငယ်များကို အမျိုးမျိုး အပြစ်တင်နေကြရာ အသက် ၈ဝ-
အရွယ်ရှိ အဘွားမြ၏ လူငယ်တွေအပေါ်အမြင်မှာ တစ်မျိုးထူးဆန်းနေသည်။
သူပြောပုံကိုလည်း ကြည့်ပါဦး။
"လွန်ခဲ့တဲ့ အနှစ် ၆ဝ- ကဆိုရင် လမ်းပြင်ထွက်တယ်ဆိုတာနဲ့ ရည်းစားစကား လိုက်ပြောတဲ့
အကောင်နဲ့။ မျက်လုံး ကျွတ်မတက် ငမ်းတဲ့ အကောင်နဲ့။ လွတ်ကို မလွတ်လပ်ဘူး။ အခုခတ်
လူငယ်တွေဟာ အရင်လူငယ်တွေထက် ပိုပြီး ယဉ်ကျေးတယ်။ ကြည့်လေ။ ကျုပ် အချိန်မရွေး
လမ်းထွက်လျှောက်တယ်။ ဘယ်သူမှ ကျုပ်ကို ဂရုစိုက်ပြီး ကြည့်ဖော်တောင် မရဘူး။
စိတ်အေးလိုက်တာ"



သီချင်းဆိုစမ်းပါ

နိုင်ငံခြားတိုင်းပြည်များတွင် အထီးကျန်အမျိုးသား အမျိုးသမီးများအတွက် အိမ်ထောင်ဖက်
ရှာပေးသော ရုံးများ ဖွင့်ထားကြသည်။
ပဲရစ်မြို့တွင် ဖွင့်ထားသော ဖော်ပြပါ ရုံးတစ်ခုသို့ လူပျိုကြီးတစ်ယောက် ရောက်လာပြီး
မိမိအတွက် သင့်တော်မည့် ဘဝကြင်ဖော်ရှာပေးရန် မေတ္တာာရပ်သည်။ ရုံးမန်နေဂျာက
ပြောသည်။
"ကျွန်တော်တို့ဆီမှာ သတို့သမီးလောင်း နှစ်ယောက်တော့ ရှိတယ်။ တစ်ယောက်က
ရုပ်အင်မတန် ချောတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အင်မတန် နှေးကွေးတယ်။
နောက်တစ်ယောက်ကတော့ ရုပ်သိပ်မလှဘူး။ ဒါပေမယ့် သီချင်း အဆိုကောင်းတယ်။
ဘယ်အမျိုးသမီးကို ပိုကြိုက်သလဲ"
"ရုပ်မချောတဲ့ အမျိုးသမီး ဖြစ်ပစေဗျာ။ ကျွန်တော်က သီချင်းသံ ကြားနေရင် ပျော်နေတဲ့
လူစားမျိုးဗျ။အိမ်မှာ တစ်ယောက်ယောက်က သီချင်းဆိုနေရင် ဘာပဲပြောပြော
မင်္ဂလာရှိတယ်ဗျ"
လူပျိုကြီးက ပန်းတစ်စီးဝယ်သည်။ ထို့နောက် 'အောင်သွယ်ရုံး' က ပေးလိုက်သော
လိပ်စာအတိုင်း မလှသော အမျိုးသမီးဆီ သွားသည်။ ရောက်သောအခါ
လူခေါ်ခေါင်းလောင်းကို ဆွဲလိုက်သည်။
အခန်းတံခါး ပွင့်လာသည်။ အမျိုးသမီးကို မြင်လိုက်သည်နှင့် လူပျိုကြီး၏ လက်မှ ပန်းစီး
လွတ်ကျသွားသည်။ မျက်စိနှစ်ဘက်ကို လက်ဖြင့် အမြန်ပိတ်ပြီး အော်ပြောသည်။
"သီချင်း.... သီချင်း မြန်မြန်ဆိုစမ်းပါ။ ကျွန်တော်ခင်ဗျားကို အနူးအညွှတ်
တောင်းပန်ပါတယ်။ သီချင်း မြန်မြန်ဆိုပါ"



ချစ်တော့ချစ်တယ်

လူငယ်က မိမိ၏ ချစ်သူကို ပြောသည်။
"အမှန်အတိုင်း ပြောရရင် ကိုဟာ ကိုယ့်သူငယ်ချင်း ကိုရွှေဂဲလောက် မချမ်းသာဘူး။ သူ့လို
တိုက်နဲ့ခြံကို မပိုင်ဘူး။ ဇိမ်ခံကားလည်း မရှိဘူး။ ပြီးတော့ သူ့လိုလည်း နိုင်ငံခြားမှာ
ငွေစာရင်း ဖွင့်ထားတာ မရှိဘူး။ ဒါပေမယ့် မင်းကို ကို အင်မတန် ချစ်တယ်"
"ကျွန်မကလည်း ရှင့်ကို ချစ်ပါတယ်။ ဒါနဲ့ စကားမစပ် ရှင့်သူငယ်ချင်းနဲ့ ကျွန်မကို
မိတ်ဆက်ပေးပါလားဟင်"



မယုံချင်နေ

ပိုက်ဆံတစ်ပြားမှ မရှိသော ဂျာမန်လူငယ်နှစ်ယောက် မိမိတို့တွင်ရှိသော ကိုယ်ပိုင်စွမ်းအားဖြင့်
ကြီးပွားအောင် ကြိုးစားမည်ဟူသော ရည်ရွယ်ချက်ဖြင့် အမေရိကားသို့ရောက်သည်။
ပထမတစ်ယောက်သည် မကြာမီအချိန်အတွင်း ဒေါ်လာ တစ်သန်းဝင်ငွေရသူ ဖြစ်လာသည်။
၎င်းက ထူးခြားသော စက်တစ်မျိုးကို တီတွင်လိုက်သည်။ စက်ထဲသို့ တစ်ဒေါ်လာ
ထည့်လိုက်သည်နှင့် စက်က မယားတစ်ယောက်ကို ထုတ်ပေးသည်။
ဒုတိယလူငယ်လည်း မကြာမီမှာပင် ဒေါ်လာဆယ်သန်းပိုင် သူဋ္ဌေး ဖြစ်လာသည်။
၎င်းကလည်း စပယ်ရှယ် စက်တစ်မျိုးကို တီတွင်သည်။ စက်ထဲသို့ ကိုယ့်မယားကို
ထည့်လိုက်သည်နှင့် စက်က တစ်ဒေါ်လာ ထုတ်ပေးသည်။




ငွေရတု

ကိုဘမောင်တို့ လင်မယား အိမ်ထောင်သက် ၂၅-နှစ်ပြည့်သည့်ပွဲကို ကိုဘမောင်၏
တိုက်အိမ်အသစ်တွင် ကျင်းပသည်။
ဖိတ်ကြားထားသော ဧည့်သည်များ ပျော်ပျော်ပါးပါး သောက်စားကြသည်။ တစ်အိမ်လုံး
ရယ်သံမောသံဖြင့် ဆူညံနေသည်။ ရုတ်တရက် အိမ်ရှင် ကိုဘမောင် ပျောက်နေသည်ကို
၎င်းအချစ်ဆုံးသူငယ်ချင်း ကိုရွှေဂဲ သတိထားလိုက်မိသည်။ သို့နှင့် လိုက်ရှာသည်။
အပေါ်ထပ်စာကြည့်ခန်းထဲတွင် ဝီစကီပုလင်းကို ကိုင်ပြီး ရှိုက်ကြီးတငင် ငိုနေသော
သူငယ်ချင်းကို တွေ့သည်။
"ဟေ့လူ၊ ဒီလောက် ဝမ်းသာစရာကောင်းတဲ့နေမှာ ခင်ဗျား ဘာဖြစ်လို့ ငိုနေရတာလဲဗျ"
"သူငယ်ချင်း။ ခင်ဗျားကိုတော့ အရင်းနှီးမို့ပြောပါမယ်။ ကျွန်တော် ဒီ မိန်းမနဲ့ရပြီး ၅- နှစ်
ကြာတဲ့အခါမှာ သူ့ မျက်နှာကို မကြည့်ချင်လောက်အောင် မုန်းလာတယ်။
ဘယ်လောက်ထိဖြစ်သလဲဆိုရင် သူ့ကို သတ်ရင် ကျွန်တော် ဘယ်လောက်
အပြစ်ဒဏ်ခံနိုင်ရသလဲဆိုတာ ရှေ့နေ တစ်ယောက်ဆီ သွားပြီးတောင် တိုင်ပင်မိသေးတယ်။
သူက ထောင်ဒဏ် အနှစ်၂ဝ- လို့ပြောတယ်။ ခင်ဗျား စဉ်းစားကြည့်ပါ။ ဒီ နေ့ဆိုရင်
ကျွန်တော် လွတ်ပြီဗျ။ ဟီး ဟီး ဟီး"



ကျွန်တော်လည်းကြောက်တယ်

မိုးရာသီရောက်တိုင်း ကိုမြသည် တစ်ချိန်လုံး ထိပ်ထိပ်ပျာပျာ ဖြစ်လေ့ရှိသည်။
အကြောင်းရင်းမှာ မိုးခြိမ်သံကို သူ အလွန် ကြောက်သောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်
မိတ်ဆွေများ၏ တိုက်တွန်းချက်အရ စိတ်ရောဂါကု ဆရာဝန်ထံ သွားသည်။ ဆရာဝန်က
၎င်းကို နားထောင်ပြီးနောက် ပြောသည်။
"မိုးခြိမ်းသံကိုများ ကြောက်ရတယ်လို့ဗျာ။ ရယ်စရာကြီး။ ဒါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝပဲ
ဥစ္စာ၊ ဘာမှ ကြောက်စရာ မလိုပါဘူး။ မိုးခြိမ်းသံ ကြားတယ်ဆိုတာနဲ့ ကျွန်တော်လို။
ခေါင်းအုံးအောက်မှာ ခေါင်းကို ဝှက်ထားလိုက်။ ဘာမှ မဖြစ်ဘူး။ စိတ်ချ"

No comments: