Wednesday, January 20, 2010

ဟာသ(၃၃)

ကြံရာပါ

လူငယ်သည် ဒုတိယအထပ်သို့ လှေကားထောင်ပြီး တက်လာသည်။ အမှောင်ထဲတွင် ၄င်းက
လှမ်းမေးသည်။
"အချစ်ရေ၊ မင်းဘယ်မှာလဲဟေ့"
"ကျွန်မ ဒီမှာ။ တိုးတိုးပြောပါရှင့်။ ဖေဖေ နိုးသွားဦးမယ်"
"မစိုးရိမ်ပါနဲ့။ မင်းအဖေ လှေကားကို အောက်ကနေ ကိုင်ပေးထားတယ်။ သူ ပြောတယ်။
မင်းအမေကိုပါ တစ်ပါတည်း ခေါ်သွားရင် ငွေငါးသောင်း ပေးလိုက်ဦးမယ်တဲ့"



အံ့သြစရာ မဟုတ်ပါ

အရက်ဘားထဲသို့ ခွေးတစ်ကောင် ဝင်လာသည်။ ခုံတစ်လုံးကို ဆွဲယူပြီး ထိုင်သည်။
ထို့နောက် နှစ်ကြိမ်တိတိ အကျယ်ကြီး ဟောင်သည်။ ဘားမင်းသည် သံလွင်သီး
သုံးလုံးထည့်ထားသော မာတီနီ ခွက်ကို လာချပေးသည်။ ဖန်ခွက်ကို တစ်ကြိုက်တည်း
မော့ချလိုက်ပြီး ခွေးသည် ဘားထဲမှ ထွက်သွားသည်။ ဤမြင်ကွင်းကို ဂရုတစိုက်
ကြည့်နေသော ဖောက်သည် တစ်ယောက်က ဘားမင်းဆီ ပြေးလာပြီး ပြောသည်။
"ဟေ့လူ။ ဒါ .... ဒါ မထူးဆန်းဘူးလားဗျဟင်"
ဘားမင်းသည် ဖန်ခွက်များကို အဝတ်ဖြင့် သုတ်နေရင်းက အေးအေးးဆေးဆေး
ပြန်ပြောသည်။
"ဘာမှ မထူးဆန်းပါဘူး။ မာတီနီထဲကို ကျွန်တော်တို့ သံလွင်သီး သုံးလုံး ထည့်နေကျပါ"




စောစောထ

သားဖြစ်သူကို စည်းကမ်းရှိစေချင်သည့်ဆန္ဒဖြင့် အဖေဖြစ်သူက ပီတာလေးကို ပြောသည်။
"သား အိပ်ရာက စောစောထတဲ့လူဟာ ဘယ်ကိစ္စ မှာမဆို အောင်မြင်မှုရတယ်။ ဥပမာ
လူတစ်ယောက်ဟာ အိပ်ရာက စောစောထပြီး လမ်းလျှောက်တော့ လမ်းမှာ ပိုက်ဆံ
အပြည့်ပါတဲ့ ပိုက်ဆံအိတ်ကို ကောက်ရတယ်။ အဲဒါ စောစောထတဲ့ အကျိုးကျေးဇူးကွယ့်။
မှတ်ထား ကြားလား"
"ဟုတ်ကဲ့ ဖေဖေ။ ဒါပေမယ့် ပိုက်ဆံအိတ် ပျောက်သွားတဲ့ လူက သည့်ထက် စောစော
ပိုထတယ် မဟုတ်လား ဟင်"



ကုသိုလ်ရတဲ့အလုပ်

ပီတာလေး ကျောင်းမှ ပြန်လာသည်။ ခါတိုင်းထက် ပျော်ရွှင်သည့်ပုံ ပေါက်နေသဖြင့် အမေက
မေးသည်။
"သား၊ ဒီနေ့ မင်းရဲ့ အမူအရာ ထူးခြားနေပါလား"
"ကျွန်တော် ဒီနေ့ ကျောင်းမှာ ကုသိုလ်ရတဲ့ အလုပ် တစ်ခု လုပ်လိုက်တယ်
ဟုတ်လား၊ ဘာလုပ်လိုက်သလဲ"
"အတန်းထဲက ကောင်လေးတစ်ယောက် ဆရာ ထိုင်မယ့် ခုံမှာ သံတစ်ချောင်း
ရိုက်ထားတယ်"
"အဲဒီတော့ ဘာဖြစ်သလဲ"
"ဆရာထိုင်မယ်လုပ်တော့ ကျွန်တော် အဲဒီခုံကို ဆွဲဖယ်လိုက်တယ်"




ပထမခြေလှမ်း

အမှန်ကို မပြောသည့်အတွက် သားဖြစ်သူကို အဖေက ကြိမ်းသည်။
"မင်းအရွယ်တုန်းက ဖေဖေ ဘယ်သူ့ကိုမှ လိမ်မပြောဘူး။ သိလား"
"အဲဒါဆို ဘယ်အရွယ်ရောက်မှ ဖေဖေ စလိမ်သလဲ ဟင်"



မကျေနပ်ဘူး

ကျောင်းမှ ငိုယိုပြီး ပြန်လာသော သမီးကို အမေက မေးသည်။
"ဟဲ့ သမီးလေး၊ ဘာဖြစ်လို့ ငိုပြီး ပြန်လာတာလဲကွယ်"
"တော်ပြီး၊ ကျောင်းမသွားတော့ဘူး"
"မေမေ မေးတာ ဖြေပါဦး၊ ဘာဖြစ်တာလဲ"
"သမီးရဲ့ ဆံပင် အညိုရောင် ဖြစ်နေတာကို ကြည့်ပြီး တစ်တန်းထဲသားတွေ
ဝိုင်းရယ်ကြတယ်"
"ဒါများ အရေးလုပ်လို့ကွယ်။ သမီး သိထားရမှက တို့ဆီမှာ ရှိတာမှန်သမျှ ဘုရားသခင်ရဲ့
အလိုတော်အရ ဖြစ်ရတာကွယ့်။ သမီးရဲ့ အညိုရောင်ဆံပင်ကို ဘုရားသခင်က
ပေးထားတာကွယ့်"
"အဲဒီလိုဆိုရင် ဘုရားရှိးခိုးကျောင်းကို မသွားတော့ဘူး"



အတုခိုးသူ

ပီတာလေးသည် ၄င်း၏ အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုး လိုက်လုပ်လေ့ရှိသည်။
တစ်နေ့ အခန်းထဲ ထိုင်ရင်း တစ်ဖက်ခန်းမှ အစ်ကိုကြီး၏ အသံကို ကြားရသည်။
အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်းဖြစ်သည်။
"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။
တောထဲ ရောက်တော့ သူကို နမ်းမယ် လုပ်တယ်။ ' ဟင့်အင်း၊ ဟင့်အင်း' လို့ ပြောပြီး
ကောင်မလေး နောက်ကို ဆုတ်သွားတယ်။ ငါမော်တော်ဆိုင်ကယ်ပေါ် တက်လိုက်ပြီး စက်ကို
နှိုးတယ်။ 'ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဟာကိုယ်
လမ်းလျှောက်ပြီး ပြန်ပေတော့ ' လို့ ပြောပြီး ငါ မောင်းထွက်သွားတယ်"
နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။
စက်ဘီးနောက်ခုံပေါ် နာတာရှာလေး ကို တင်ပြီး ပီတာလေး တောထဲဘက် နင်းသည်။
ရောက်သောအခါ ပီတာလေး ကောင်မလေးကို မေးသည်။
"နာတာရှာ။ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
"နမ်းလေ"
"အင်း၊ ဒီလိုဆိုရင် ရော့ စက်ဘီးကို ယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"



စိတ်ဝင်စားမှု

အသက် ၅ဝ- ကျော်ပြီဖြစ်သော်လည်း အပျိုရှုံးလောက်အောင် အလှပြင်ပြီး
ပွဲလမ်းသဘင်များသို့ တက်သွားနေသည့် အန်တီမြက ၄င်း၏ သူငယ်ချင်းမကို မေးသည်။
"ဒီနေ့ ဧည့်ခံပွဲမှာ အိုင့်ကို တစ်ချိန်လုံး ကြည့်နေတဲ့ လူကို ယူ သိသလားဟင်"
"သိတယ်။ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်တဲ့လူ"



သောက်ချင်သော်လည်း

အမျိုးသမီးနှစ်ယောက် စကားပြောနေကြသည်။
"ကျွန်မယောက်ျား တစ်နေ့လုံး ဆေးတံကို ပါးစပ်က မချွတ်ဘူး။ တစ်အိမ်လုံးလည်း
ဆေးခိုးဆေးနံ့တွေနဲ့ မွှန်ထူနေတာပဲ။ စိတ်တောင် ညစ်လာပြီ"
"ကျွန်မ ယောက်ျားလည်း ဆေးတံကြိုက်တယ်ရှင့်။ ဟင်းကောင်းစားရတဲ့ နေ့ဆိုရင် ဆေးတံကို
အရသာခံ ဖွာလေ့ရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ် အတွင်းမှာတော့
သူတစ်ခါမှ သောက်တာ မတွေ့ရဘူး"



စိတ်မဆိုးပါနဲ့

ဧည့်သည်အမျိုးသမီးက အိမ်ရှင် ယောက်ျားကို ပြောသည်။
"တော်ပြီ။ ရှင်တို့အိမ်ကို ကျွန်မ ဒီတစ်သက် မလာတော့ဘူး။ ဘယ်နဲ့တော်။ ဧည့်သည်ကို
အိမ်ရှင်က စော်ကားသတဲ့။ ဟင်း။ ကြားတောင် မကြားဖူးပါဘူး"
အိမ်ရှင်ယောက်ျားက ယဉ်ယဉ်ကျေးကျေး ပြန်မေးသည်။
"ဒေါသရှေ့မထားပါနဲ့။ ကျွန်တော့်ကို ပြောပြစမ်းပါ။ ဘာဖြစ်လို့လဲ"
"ရှင့်မိန်းမ ကျွန်မကို စော်ကားလိုက်တယ်လေ"
"နေပါဦး။ ကျွန်တော့မိန်းမ ဘာပြောလိုက်လို့လဲ"
"ကျွန်မကို 'အပျက်မ' လို့ သူ ခေါ်လိုက်တယ်လေ။ ကောင်းကြသေးရဲ့လား"
"သြော် ဒါလား။ ဒါနဲ့များတော့ စိတ်မဆိုးစမ်းပါနဲ့ဗျာ။ ကျွန်တော့ကိုပဲကြည့်။ ကျွန်တော်
ရေတပ်က အနားယူတာ ၁၅-နှစ်ရှိပြီ။ အခုချိန်ထိ ကျွန်တော့ မိန်းမက ကျွန်တော့ကို
ကပ္ပတိန်လို့ ခေါ်တုန်း"




နဂိုအတိုင်း

မိန်းမနှစ်ယောက် ဆုံကြသည်။
"ဟဲလို မေရီ။ ဘယ်က ပြန်လာတာလဲ"
"အလှပြင်ဆိုင်က"
"ဘာလဲ၊ ဆိုင်ပိတ်ထားသလားဟင်"



ပြန်လာပါရစေ

ချစ်ရတဲ့မောင် ...
"ချစ်တဲ့မောင့်ကို မေ စွန့်ခွာသွားမိတဲ့အတွက် ခံစားနေရတဲ့ စိတ်ဝေဒနာကို မေ့အနေနဲ့ စာနဲ့
မဖော်ပြတက်အောင်ပါပဲ မောင်။ ကိုယ်တစ်သက်လုံး ဆက်ချစ်နေမယ့် ယောက်ျားကို
ပစ်လိုက်မိလို့ အမိုက်မလေး အခုထိ နောင်တ ရနေဆဲပါမောင်။ မောင် မရှိဘဲ မေ မနေနိုင်ဘူး
မောင်။ မေ့ကို ခွင့်လွှတ်ပါ။ မေ့နဲ့မောင် လက်ထပ်ဖို့ တစ်ရက်အလိုမှာ
တခြားယောက်ျား တစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားမိတဲ့
မိန်းမရိုင်းကို ခွင့်လွှတ်ပါ မောင်။ မေ အမှားကြီး မှားမိပါတယ်မောင်။ မောင်မရှိတဲ့
မေ့ရဲ့ဘဝဟာ အရှင်လတ်လတ် ငရဲပြည် ရောက်နေတာနဲ့ အတူတူပါပဲ မောင်။ မောင့်ကို မေ
ချစ်တယ်။ ချစ်တယ်။ ချစ်တယ်။ "
မောင်ရဲ့ မေ
P.S မင်္ဂလာစုံတွဲထီပေါက်တယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် မောင်နဲ့ထပ်တူ မေလည်း
ဝမ်းသာရပါတယ် မောင်။




အထူးကုဆေးရုံ

စိတ်အထူးကု ဆေးရုံအကြောင်း ဆောင်းပါးရေးမည့် သတင်းထောက်ကို ဆေးရုံအုပ်ကြီးက
အဆောက်အဦ၏ တစ်ထပ်ချင်းကို လိုက်ပြသည်။ နောက်ဆုံး အထပ်သို့ ရောက်လာသည်။
ဆေးရုံအုပ်ကြီးက လူနာထားသည့် အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ အခန်းထဲတွင်
လူနာ တစ်ယောက်မှ မရှိချေ။ ကုတင် နှစ်လုံးသာ ရှိနေသည်။ သတင်းထောက်က
အံ့အားသင့်စွာ မေးသည်။
"အခန်းထဲမှာ လူနာတစ်ယောက်မှ မရှိပါလား"
"ဒီအခန်းက မော်တော်ကားရူး ရူးနေတဲ့ လူနာတွေကို ထားတဲ့ အထူးခန်းပါ"
"လူနာတွေ ဘယ်မှာလဲ ခင်ဗျ"
"ဘယ်မှာ ရမလဲ။ ကုတင်အောက်မှာပေါ့။ သူတို့ကားကို သူတို့ ပြင်နေကြတယ်လေ"



လူနာသစ်

ပထမဦးဆုံးအကြိမ် ရောက်လာသော လူနာကို စိတ်ရောဂါကု ဆရာဝန်က ပြောသည်။
"ဘာမှ မစိုးရိမ်ပါနဲ့။ တလောက ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် စိတ်သောက
ရောက်နေရတဲ့ လူနာ တစ်ယောက်ကို ကျွန်တော် ပျောက်အောင် ကုပေးလိုက်ပြီးပြီ။
သူ့အဖြစ်က ရယ်စရာလည်း အကောင်းသား။ သွားကုဆရာဝန်ကို ပိုက်ဆံမပေးလိုက်မိတဲ့
အတွက် ည အိပ်မပျော်ဘူးတဲ့ဗျာ။ ကျွန်တော့ ဆီ လေးငါးခါပဲ လာလိုက်ရတယ်။ ဒီနေ့ဆို
လုံးဝ ပျောက်သွားပြီ"
"ကျွန်တော် သိပါတယ်ဆရာ။ သူ့ရဲ့ သွားဆရာဝန်က ကျွန်တော်ပါ"



ကုန်မှာပေါ့

"ဒေါက်တာ။ မနေ့က ကျွန်မရဲ့ ကလေးအတွက် ဆရာပေးလိုက်တဲ့ ဆေးမျိုး
နောက်တစ်ပုလင်း ပေးပါဦးလားရှင်"
"တစ်ရက်တည်းနဲ့ ဆေးတစ်ပုလင်း ကုန်သွားပြီးလား။ မဖြစ်နိုင်တာဘဲ"
"ဒီလိုပါဆရာ။ ကလေးရဲ့ ပါးစပ်ထဲ ဆေးတစ်ဇွန်း ရောက်ရှိဖို့အရေး ကျွန်မတို့
အိမ်သာအားလုံး အင်မတန် အရသာရှိတဲ့ ပုံစံမျိုးနဲ့ ဆေးရည်ကို သောက်ပြကြရလို့ပါ"

No comments: